Published 26 Feb 2023

သာမာန်အိမ်ထောင်စုရဲ့ အခြေခံစားကုန်ဖြစ်တဲ့ ကြက်သွန်နီရဲ့ ဈေးနှုန်းတွေဟာ အခြားဟင်းသီးဟင်းရွက်တွေလိုပဲ မြင့်တက်လာတဲ့အတွက် ကြက်သွန်နီ ရှားပါးပြတ်လပ်မှုတွေဟာ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းတစ်ခုကို စနက်မီးပျိုးပေးနိုင်တယ်လို့ အိန္ဒိယတူဒေးသတင်းဌာနက သတင်းရေးသားလိုက်ပါတယ်။

နိုင်ငံတော်တော်များများက ပြည်သူတွေဟာ  ပစ္စည်းရှားပါးပြတ်လပ်မှုကြောင့် ကြက်သွန်ဈေးမတန်တဆတက်နေတာကြောင့် ဟင်းလျာများချက်ပြုတ်ရာမှာ မပါမဖြစ်ကြက်သွန်နီကို ဖယ်ထားနေကြရပါတယ်။  ဖိလစ်ပိုင်မှာဆိုရင် ကြက်သွန်ဈေးတွေမတရားမြင့်တက်နေလို့ မှောင်ခိုကြက်သွန်တွေ ခေါင်းထောင်ထလာနေပါတယ်။ အစိုးရက အမြတ်ကြီးစားကုန်သည်တွေကို အဲဒီကိစ္စနှင့်ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ချက်ခြင်းလုပ်လာနေကြရပါတယ်။

#ကြက်သွန်နီပြတ်လပ်မှုကအချို့နိုင်ငံတွေမှာအကျပ်အတည်းဖြစ်လာ

ဘလွမ်းဘတ်သတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာ  ကြက်သွန်နီဈေးတွေဟာ ကမ္ဘာအနှံ့မှာ မြင့်တက်လာနေဆဲဖြစ်ပြီး အဲဒါက ငွေကြေးဖောင်းပွမှုကို ပိုအားကောင်းလာစေပါတယ်လို့ရေးသာပါတယ်။ မော်ရိုကို၊တူရကီနှင့် ကာဇက်စတန်လို နိုင်ငံတွေမှာ ရောင်းချမှုစိတ်ချရဖို့ အရေးယူလုပ်ဆောင်မှုတွေ လုပ်လာရပါတယ်လို့ဆိုပါတယ်။

ကြက်သွန်နီတွေပြတ်လပ်တာနှင့် ဈေးတက်လာတာတွေဟာ  မုန်လာဥနီ၊အာလူး၊ပန်းသီးစတာတွေလို အခြားသော သစ်သီးဝလံဟင်းသီးဟင်းရွက်တွေရဲ့ ဈေးနှုန်းကိုပါရိုက်ခတ်နေပါတယ်လို့ ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်ကနေသိရပါတယ်။

ယူကေမှာဆိုရင် အခြေအနေအတော့်ကိုဆိုးနေပါတယ်။ အချို့သော သစ်သီးနှင့်ဟင်းသီးဟင်းရွက်တွေကိုစူပါမားကက်ကြီးတွေမှာ ခွဲတမ်းစနစ်နှင့်ကန့်သတ်ရောင်းချနေရပါတယ်။ စပိန်တောင်ပိုင်းနှင့် မြောက်အာဖရိကတို့မှာ စိုက်ရေးပျိုးရေး မကောင်းလို့ ဒါတွေဖြစ်နေရတာပါ။

တစ်ကမ္ဘာလုံးမှာ ဟင်းလျာမှသည် အသုပ်တွေအထိ  အခြေခံစားကုန်ဖြစ်နေတဲ့ ကြက်သွန်နီဟာ ကမ္ဘာပေါ်မှာ စားသုံးမှု အများဆုံး ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ်ကို မက်ထရစ်တန် ၁၀၆သန်းခန့် ထုတ်လုပ်ပေးနေရပြီး အဲဒီ ပမာဏဟာ မုန်လာဥနီ၊တရုတ်မုန်လာ၊ငရုတ်သီးစိမ်း၊ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူ အားလုံးပေါင်းထုတ်ကုန်နှင့်ပင် ညီမျှပါတယ်။

#ပြတ်လပ်မှုဘာကြောင့်ဖြစ်တာလဲ

ဈေးနှုန်းတွေမြင့်တက်ပြတ်လပ်မှုဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ရာသီဥတုဖောက်ပြန်တာကအစ ပထဝီနိုင်ငံရေးတင်းမာမှုတွေအဆုံးပါ။ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်မှာ ရေအကြီးအကျယ်လွှမ်းမိုးခဲ့ပါတယ်။ အလယ်အာရှမှာ ဆီးနှင်းရိုက်လို့ သိုလှောင်ထားတာတွေပျက်စီးကုန်ပါတယ်။ ပြီးတော့ ယူကရိန်းမှာ ရုရှားစစ်ပွဲကလည်း အချို့သော အဓိကအကြောင်းရင်းတွေထဲကတစ်ခုဖြစ်နေပြန်ပါတယ်။

မြောက်အာဖရိကမှာလည်း မိုးခေါင်ရေရှားဒဏ်၊မျိုးစေ့နှင့်ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်မှုတွေ ကြောင့် ကြက်သွန်နီထုတ်လုပ်မှုတွေ ထိခိုက်ခဲ့ရပါတယ်။မော်ရိုကိုနိုင်ငံမှာဆို ရာသီဥတုညံ့ဖျင်းလို့ ကြက်သွန်အထွက်နှုန်းတွေကျဆင်းခဲ့ရပြန်ပါတယ်။

#ကြက်သွန်နီပြတ်လပ်မှုကကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကိုအစပျိုးလာနိုင်

လွန်ခဲ့တဲ့ လအနည်းငယ်ခန့်က ဖိလစ်ပိုင်မှာ ကြက်သွန်နီမလုံလောက်မှုက အခြားသော အိမ်ထောင်စုစားသောက်ကုန်တွေဖြစ်တဲ့ ဆားနှင့်သကြားတို့လိုမျိုးအမည်တွေကိုပါ ဒိုမီနိုအကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ကြက်သွန်နီဈေးက ဈေးတွေ မတရားခေါင်ခိုက်ခဲ့တာဟာ အသားဈေးထက်တောင် ဈေးကြီးနေသလို ဖြစ်ခဲ့ကြရပါတယ်။ အဲဒါကြောင့် အချို့သော လေယာဉ်မောင် လေယာဉ်မယ်တွေဟာ အရှေ့အလယ်ပိုင်းကနေ ကြက်သွန်နီမှောင်ခိုသွင်းတာကို ဖမ်းဆီမိတဲ့အထိဖြစ်လာခဲ့ပါတယ်။

ကာဇက်စတန်မှာ ကြက်သွန်နီဈေး မိုးထိအောင်ခေါင်ခိုက်နေတာကြောင့် အာဏာပိုင်တွေဟာ မဟာဗျူဟာမြောက် လှောင်ထားတဲ့အထဲက ရောင်းချဖို့လုပ်ခဲ့ရပါတယ်။ ကုန်သွယ်ရေးဝန်ကြီးကလည်း စူပါမားကက်တွေမှာ အလျင်စလိုနှင့် အမြောက်အမြားဝယ်ယူတာမျိုးမလုပ်ဖို့ ပြည်သူတွေကို တောင်းဆိုထားပါတယ်။ အဲဒီအပြင် ကာဇက်စတန်၊ဥဘက်ကစ္စတန်နှင့်တာဂျစ်ကစ္စတန်တို့မှာ ကြက်သွန်နီပြည်ပတင်ပို့မှုပိတ်ပင်ခဲ့ပါတယ်။  အာဇာဘိုင်ဂျန်လို နိုင်ငံမျိုးမှာတောင် ကြက်သွန်နီရောင်းတာကို ပမာဏကန့်သတ်ခဲ့ပြီး ဘယ်လာရုစ်မှာ ကြက်သွန်နီတင်ပို့မှုအတွက် လိုင်စင်ရယူဖို့ လုပ်ဆောင်နေကြောင်း ဘလွမ်းဘတ်သတင်းဌာနက သတင်းရေးသားထားတာဖြစ်ပါတယ်။

Source: IndiaToday/Bloomberg

#ကြက်သွန်နီဈေးမြင့်တက်

#ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအကျပ်အတည်း

#ကြက်သွန်နီပြတ်လပ်

#YangonMediaGroup

#အထူးဆောင်းပါး