#WorldHealth

++++++++++++++++++++

Published 11 October 2021

အစ္စရေးနိုင်ငံမှာ ကိုဗစ်ရောဂါပြင်းထန်စွာ ခံစားနေရတဲ့လူနာ ၇ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၃ ကြိမ်အထိ ထိုးပြီးတဲ့သူတွေဖြစ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ယေဘုယျခြုံကြည့်ရင်တော့ ရောဂါထပ်မံကူးစက်မှုတွေနဲ့ ရောဂါပြင်းထန်မှုတွေက လျော့ကျလျက်ရှိနေပါတယ်။

"၇ ရာခိုင်နှုန်းဆိုတာက များတယ်လို့ မဆိုနိုင်ပါဘူး။ တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးတာတောင်မှ ရာနှုန်းပြည့်မထိရောက်သေးဘူး" လို့ ကျန်းမာရေးဝန်ကြီးဌာနမှဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာနာ့ခ်မန်အက်ရှ်က The Jerusalem Post ကို ပြောသွားပါတယ်။ နဂိုတကည်းက ကိုယ်ခံအားနည်းလေ့ရှိတဲ့သူ လူနည်းစုလည်း ရှိတတ်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးပြည်သူ ၃ သန်းကျော်ဟာ ကာကွယ်ဆေးထိုးပြီးကြပြီဖြစ်ပါတယ်။ သောကြာနေ့က ရောဂါပြင်းထန်တဲ့လူနာ ၄၆၀ လောက်ရှိခဲ့တာဖြစ်ပြီး ၇ ရာခိုင်နှုန်း(၃၂ ဦး)က တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသားသူတွေ ဖြစ်ကြပါတယ်။

အချက်အလက်တွေအရ ၁၇ ရာခိုင်နှုန်းကတော့ လွန်ခဲ့တဲ့ခြောက်လမတိုင်ခင် ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသားသူတွေဖြစ်ပါတယ်။ အများစုဖြစ်တဲ့ ၇၁ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေး မထိုးရသေးသူတွေဖြစ်ပါတယ်။ ရောဂါမှသက်သာပျောက်ကင်းလာသူက ၃ ရာခိုင်နှုန်း၊ ကာကွယ်ဆေးထိုးပြီး တစ်ပတ်မပြည့်ခင်မှာ ဖျားနာခဲ့တဲ့သူတွေက ၂ ရာခိုင်နှုန်းနဲ့ ရောဂါပျောက်ကင်းလာပြီး ကာကွယ်ဆေးထိုးသူတွေက ၁ ရာခိုင်နှုန်း အသီးသီး ရှိကြပါတယ်။

အစ္စရေးပြည်သူတွေထဲမှာ လူဦးရေ ၆.၁ သန်းက ပထမတကြိမ် ကာကွယ်ဆေးထိုးထားကြပြီးပါပြီ။ ၅.၇ သန်းက ဒုတိယအကြိမ် ထိုးပြီးကြပြီး ၃.၇ သန်းကတော့ သုံးကြိမ်စလုံးပြည့်မြောက်အောင် ထိုးပြီးကြပါပြီ။ ကျောင်းသူကျောင်းသားတွေ ကျောင်းပြန်တက်နေတာတောင်မှ ဗိုင်းရပ်စ်ကူးစက်မှု လျော့ကျနေတာ ဖြစ်ပါတယ်။

လူပေါင်း ၂၀၆၄ ဦးကို ကြာသပတေးနေ့က ဗိုင်းရပ်စ်စစ်ဆေးခဲ့ရာ ၂.၄ ရာခိုင်နှုန်းမှာ ရောဂါပိုးတွေ့ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အစ္စရေးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃၂၀၀၀ နီးပါးရှိပြီး လူနာ ၄၆၀ က ရောဂါပြင်းထန်စွာခံစားနေကြရပြီး ၁၈၃ ဦးက အသက်ရှူရခက်ခဲနေကြပါတယ်။ သေဆုံးသူအရေအတွက်ကတော့ ၇၈၈၅ ဦး ရှိသွားပြီဖြစ်ပါတယ်။

Source The Jerusalem Post