#WorldPolitics

++++++++++++++++++++

Published- 11 Oct 2021

အာဖဂန်နစ္စတန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန်အဖွဲ့နဲ့ အမေရိကန်မှ အရာရှိကိုယ်စားလှယ်တို့ ပထမဆုံးအကြိမ်အဖြစ် လူချင်းတွေ့ဆုံဆွေးနွေးမှုမှာ ပွင့်ပွင့်လင်းလင်း ပညာရှင်ဆန်ဆန်နှင့် ဆွေးနွေးခဲ့ကြတယ်လို့ တနင်္ဂနွေနေ့မှာ အမေရိကန်တို့က ဆိုလိုက်ပါတယ်။

တာလီဘန်တွေရဲ့ ပြောစကားထက် လက်တွေ့လုပ်ဆောင်မှုတွေကို ကြည့်ပြီး အကဲဖြတ်သွားမှာဖြစ်တယ်လို့ အမေရိကန်တို့က ထပ်မံပြောကြားပါတယ်။ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဆွေးနွေးခဲ့ကြတဲ့ အစည်းအဝေးမှာ အာဖဂန်နိုင်ငံ အခြားနိုင်ငံတွေနဲ့ အမေရိကန်ပြည်သူတို့ရဲ့ လုံခြုံရေး ဘေးကင်းစွာသွားလာနိုင်ရေး အကြမ်းဖက်မှုပပျောက်ရေးတို့အပြင် အာဖဂန်ရှိ အမျိုးသမီးများအတွက် တန်းတူအခွင့်အရေးတွေအကြောင်း အဓိကထား ဆွေးနွေးသွားကြတာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနမှ ပြောဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က ပြောသွားပါတယ်။

"အာဖဂန်ပြည်သူတွေကို အမေရိကန်တို့က လူသားချင်းစာနာမှုအနေနဲ့ တိုက်ရိုက်အကူအညီတွေပေးနေကြောင်း၊ ဆွေးနွေးချက်တွေက ပွင့်ပွင့်လင်းလင်းနဲ့ သမာသမတ်ရှိကြောင်း၊ တာလီဘန်တွေရဲ့လုပ်ရပ်ကိုကြည့်ပြီး အဆုံးအဖြတ်ပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်" လို့ ပရိုက်စ်က ဆိုပါတယ်။

အာဖဂန်ဗဟိုဘဏ်ရှိ လက်ကျန်ငွေအနည်းဆုံးထားရတဲ့ ငွေကြေးတွေအပေါ် အမေရိကန်တို့ရဲ့ ပိတ်ပင်တားဆီးမှုကို ပယ်ဖျက်ပေးဖို့ တာလီဘန်ကိုယ်စားလှယ်တို့က တောင်းဆိုခဲ့တယ်လို့ အာဖဂန်နစ္စတန်ယာယီနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကာတာအခြေစိုက် အယ်လ်ဂျာဇီရာတီဗီချန်နယ်က စနေနေ့မှာ ဖော်ပြထားပါတယ်။

တာလီဘန်တွေဖမ်းဆီးထားတဲ့ အမေရိကန်လူမျိုးအင်ဂျင်နီယာမာ့ခ်ဖရဲရစ်ခ်ျကို ပြန်လွှတ်ပေးဖို့ ဖိအားပေးတဲ့သဘောလည်း သက်ရောက်တယ်လို့ ဘိုင်ဒန်ရဲ့အစိုးရအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတွေက ရိုက်တာကိုပြောလိုက်ပါတယ်။

အာဖဂန်နစ္စတန်ဒေသမှာ အယ်လ်ကေဒါတွေ အစွန်းရောက်သမားတွေ နောက်ထပ်အကြမ်းဖက်မှုမပြုနိုင်အောင် တာလီဘန်တွေကို တာဝန်ယူခိုင်းခဲ့ပါတယ်။အာဖဂန်နစ္စတန်မှ ထွက်ခွာလိုနေတဲ့ တရားဝင်နေထိုင်သူပြည်သူတွေ အမေရိကန်လူမျိုးတွေနဲ့ အဆက်အသွယ်ရရှိထားတယ်လို့ အမေရိကန်မှတာဝန်ရှိသူတွေက ဆိုလိုက်ပြီး အာဖဂန်အတွင်းမှာ တာလီဘန်တွေရဲ့ဖိနှိပ်မှုကိုခံနေရတဲ့ အမေရိကန်ထောက်ခံသူအာဖဂန်လူမျိုးတွေ ထောင်နဲ့ချီပြီး ကျန်ရှိနေတာဖြစ်ပါတယ်။

တာလီဘန်တွေအလိုရှိနေတဲ့ တရားဥပဒေအချက်အလက်တွေကို ခွင့်မပြုစေဘဲ အာဖဂန်နစ္စတန်မှာ လူအခွင့်အရေးရရှိရေးအတွက် ဝါရှင်တန်နဲ့ အနောက်တိုင်းနိုင်ငံတွေအနေနဲ့ ခက်ခဲတဲ့အခြေအနေတွေကြား ဆုံးဖြတ်သွားရမှာဖြစ်ပါတယ်။

Source REUTERS