#WorldHealth

++++++++++++++++++++

Published 10 Oct 2021

ကိုဗစ်ရောဂါ ပျောက်ကင်းလာသူတွေမှာ memory B cell လို့ခေါ်တဲ့ ခန္ဓာကိုယ်ခုခံအားစနစ်က အရေးကြီးအစိတ်အပိုင်းတွေဟာ လပေါင်းများစွာကြာတဲ့အခါမှာ ဆင့်ကဲပြောင်းလဲလာပြီး ပိုမိုအားကောင်းလာပါတယ်။ ဗိုင်းရပ်စ်မျိုးဗီဇကွဲ မျိုးစုံကို ချေဖျက်နိုင်စွမ်းရှိတဲ့ antibody ခုခံအားကိုလည်း ထုတ်လုပ်ပေးတယ်လို့ လေ့လာတွေ့ရှိချက်အသစ်မှာ ဖော်ပြထားပါတယ်။

ကာကွယ်ဆေးကြောင့် ရရှိလာတဲ့ memory B cell တွေကတော့ ထိုကဲ့သို့ အားကောင်းခြင်းမရှိဘဲ ရက်သတ္တပတ်အနည်းငယ်လောက်သာ ဆင့်ကဲပြောင်းလဲပြီး မျိုးဗီဇကွဲတွေကို ကာကွယ်နိုင်စွမ်းမရှိပါဘူးလို့ သုတေသီတွေက ကြာသပတေးနေ့မှာ ပြောသွားပါတယ်။ကိုဗစ်ကာကွယ်ဆေးကရရှိတဲ့ antibody ခုခံအားက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရလာတဲ့ ခုခံအားထက် ပိုများပါတယ်။

ဒါပေမဲ့ memory B cell နဲ့ပတ်သက်ရင်တော့ ရောဂါကူးစက်မှုကနေ ရရှိလာတဲ့ ခုခံအားစနစ်က ကာကွယ်ဆေးကရရှိတဲ့ ခုခံအားစနစ်ထက် ပိုများတာကိုတွေ့ရပါတယ်။ရောဂါကူးစက်မှုကရတဲ့ antibody ခုခံအားဖြစ်ဖြစ် ကာကွယ်ဆေးကရတဲ့ antibody ခုခံအားဖြစ်ဖြစ် ၆ လကြာတဲ့အချိန်မှာတော့ ခုခံအားအာနိသင်ကျဆင်းသွားပါတယ်။

ဒါပေမဲ့လည်း ခန္ဓာကိုယ်ကို ဗိုင်းရပ်စ်ဝင်ရောက်လာတဲ့အခါမှာ antibody အသစ်တွေထုတ်လုပ်ဖို memory B cell တွေက အဆင်သင့်ရှိနေပါတယ်။ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ဖြစ်လာနိုင်မယ့် အန္တရာယ်တွေကတော့ ကူးစက်မှုကရလာတဲ့ memory B cell ရဲ့ အကျိုးအာနိသင်ထက် ပိုများနေနိုင်တယ်လို့ သုတေသီတို့က သတိပေးလိုက်ပါတယ်။

"ရောဂါကူးစက်မှုကြောင့် ရလာတဲ့ antibody ခုခံအားဟာ ကာကွယ်ဆေးကရတဲ့အကျိုးထက် ပိုများတယ်ဆိုပေမယ့် ရောဂါကူးစက်မှုကြောင့် အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်"လို့ ရော့ကဖယ်လာတက္ကသိုလ်မှ ဦးဆောင်လေ့လာသူတစ်ဦးက ဖော်ပြထားပါတယ်။ကာကွယ်ဆေးကတော့ အဲဒီလိုမဟုတ်ဘဲ ရောဂါပြင်းထန်ခြင်း အသက်အန္တရာယ်ဖြစ်စေခြင်းတို့မှ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

Source REUTERS