#WorldHealth

++++++++++++++++++++

Published 10 Oct 2021

WHO နဲ့ အမေရိကန်မှ လုပ်ပိုင်ခွင့်ရှိသူတို့ အသိအမှတ်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသား နိုင်ငံလှည့်ခရီးသွားတွေကို အမေရိကန်က လက်ခံသွားမှာဖြစ်တယ်လို့ ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က သောကြာနေ့မှာ ပြောသွားပါတယ်။

တရုတ် အိန္ဒိယ ဘရာဇီးလ်နဲ့ ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံထားတဲ့ ဥရောပနိုင်ငံအများစုအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ခရီးသွားလာခွင့်တွေကို နိုဝင်ဘာလအတွင်း ဖြေလျှော့သွားမှာဖြစ်တယ်လို့ အမေရိကန်အိမ်ဖြူတော်က စက်တင်ဘာ ၂၀ ရက်နေ့မှာ ကြေညာထားပါတယ်။

ဘယ်လိုကာကွယ်ဆေး အမျိုးအစားတွေကို လက်ခံသွားမယ်ဆိုတာကိုတော့ အတိအကျမဖော်ပြထားပါဘူး။ အမေရိကန်ကို သွားရောက်ဖို့အတွက် FDA အသိအမှတ်ပြု ကာကွယ်ဆေး ၆ မျိုးနဲ့ WHO မှ အရေးပေါ်သုံးကာကွယ်ဆေးတွေကို လက်ခံသွားမှာဖြစ်ပါတယ်လို့ CDC မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့မှာ ရိုက်တာသတင်းဌာနကို ပြောသွားပါတယ်။

ခရီးသွားလာရာမှာ လိုအပ်မယ့်အချက်အလက်တွေကို CDC က အဆုံးသတ်ထုတ်နှုတ်ပြီးတာနဲ့ ထပ်တိုးလက်ခံခွင့်ပြုမယ့် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို လေကြောင်းလိုင်းတွေဆီ အသိပေးသွားမှာဖြစ်တယ်လို့ CDC က သောကြာနေ့မှာ ဆိုပါတယ်။

American Airlines Co., Delta Airlines, United Airlines နဲ့ အခြားလေကြောင်းလိုင်းတွေပါဝင်ဖွဲ့စည်းထားတဲ့ အမေရိကားလေကြောင်းအဖွဲအစည်းက "အမေရိကန်ကို လာရောက်မယ့်ခရီးသွားတွေ ထိုးနှံလို့ရမယ့်ကာကွယ်ဆေးတွေကို အသိအမှတ်ပြုလိုက်တဲ့ CDC ရဲ့ဆုံးဖြတ်ချက်ကို လက်ခံကျေနပ်ပါတယ်။ စီမံအုပ်ချုပ်ရေးအဖွဲနဲ့ ပူးပေါင်းပြီး ၂၀၂၁ နိုဝင်ဘာအစောပိုင်းမှာ ကာကွယ်ဆေးအသစ် စမ်းသပ်မယ့်အစီအစဉ်တွေကို ဆောင်ရွက်သွားမှာဖြစ်တယ်"လို့ ဆိုပါတယ်။

အမေရိကန်အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲအစည်း အသိအမှတ်ပြုကာကွယ်ဆေးတွေကို ကမ္ဘာတဝန်းမှာ သိပ်ပြီးအသုံးမပြုတာကြောင့် WHO အသိအမှတ်ပြု ကာကွယ်ဆေးတွေကို လက်ခံပေးဖို့ အချို့နိုင်ငံတွေက ဘိုင်ဒန်တို့အစိုးရအဖွဲ့ကို ဖိအားပေးနေတာဖြစ်ပါတယ်။

ဗြိတိန် အိုင်ယာလန် တရုတ် အိန္ဒိယ တောင်အာဖရိက အီရန်နဲ့ ဘရာဇီးလ်နိုင်ငံတို့အပြင် နိုင်ငံပေါင်း ၂၆ နိုင်ငံက ကာကွယ်ဆေးအပြည့်အဝထိုးပြီးသား ခရီးသွားတွေကို အမေရိကန်က ခွင့်ပြုသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာမှ ခရီးသွားတွေကို ခြေရာခံထားမယ့်စည်းမျဉ်းတွေကို အိမ်ဖြူတော်ဆီ သုံးသပ်နိုင်ဖို့ စက်တင်ဘာ ၁၅ ရက်ကပို့ထားပြီး CDC က အဆုံးသတ်အတည်ပြုရဦးမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးနှံခွင့်မရတဲ့ ကလေးတွေနဲ့ ကာကွယ်ဆေးတွေ မတွင်ကျယ်သေးတဲ့နိုင်ငံက ခရီးသွားတွေအတွက် ခြွင်းချက်ထားပေးဖို့ကိုလည်း ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ကိုဗစ်ရောဂါစမ်းသပ်စစ်ဆေးနေရတဲ့ ခရီးသွားတွေ လတ်တလော ကိုဗစ်ရောဂါကူးစက်ထားသူတွေနဲ့ ကာကွယ်ဆေးထိုးခွင့် မရသေးသူတွေကို လက်ခံသွားမှာလားဆိုတာကိုတော့ အုပ်ချုပ်ရေးအဖွဲက ဆုံးဖြတ်ရဦးမှာဖြစ် ပါတယ်။


Source REUTERS