ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂို ဒူတာတီးက လာမယ့်နှစ်ရွေးကောက်ပွဲမှာ အာဏာရပါတီရဲ့ ဒုသမ္မတလောင်းအဖြစ် ပြန်လည် ရွေးကောက်ပွဲဝင်ဖို့ သဘောတူလိုက်တယ်လို့ ပီဒီပီ-လာဘန်း ပါတီက အင်္ဂါနေ့က ပြောလိုက်ပါတယ်။
 
ဒီအစီအစဉ်ဟာ ခေါင်းဆောင်ကို သက်တမ်းကုန်ဆုံးသွားပြီးတဲ့နောက် အာဏာဆက်ရယူနိုင်ဖို့ အခြေခံအလုပ်ကို ချပေးလိုက်တာပဲ ဖြစ်တယ်လို့ ရိုက်တာက ရေးသားပါတယ်။
ပီဒီပီ လာဘန်းပါတီက စက်တင်ဘာ ၈ ရက်မှာ ကျင်းပမယ့် သူတို့ရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံမတိုင်ခင်မှာ အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။ အဲဒီညီလာခံမှာ ဒူတာတီးရဲ့လက်ထောက်နှင့် တာဝန်ထမ်းဆောင်ဆဲ ဆီနိတ်ာ ခရစ်စတိုဖာ ဘွန်းဂိုး ကို ၂၀၂၂ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် အရွေးခံဖို့ အတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
 
ဒူတာတီးဟာ အနစ်နာခံပြီး ပြည်သူတွေရဲ့ ပွက်လောညံသံတွေကို အလေးဂရုပြုတယ်လို့ အာဏာရပါတီ ပီဒီပီ-လာဘန်း ရဲ့ အမှုဆောင်ဒုတိယဥက္ကဋ္ဌ ကာလိုနိုဂရေလေးစ်က သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
 
ဖိလစ်ပိုင်မှာ သမ္မတဟာ ခြောက်နှစ်သက်တမ်း တစ်ကြိမ်ပဲ တာဝန်ထမ်းဆောင်ခွင့်ရှိပြီး နောက်နှစ် ဇွန်လမှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ သူဟာ ဒုသမ္မတအဖြစ် ဝင်ပြိုင်မယ့်ကိစ္စဟာ သမ္မတရာထူးအတွက် နောက်ဖေးပေါက် အဖြစ် နိင်ငံရေးသုံးသပ်သူတွေက ရှုမြင်နေကြပါတယ်။
 
နိုဂရေလေးစ်က အခုလိုလုပ်ဆောင်တာဟာ ပြီးခဲ့တဲ့ ၅နှစ်အတွင်း လုပ်ဆောင်ခဲ့တဲ့ အစိုးရအစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်ဖို့ အာမခံချက်ဖြစ်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။
 
ဒူတာတီးဟာ နံပါတ်နှစ်ရာထူးနေရာကနေ ရာထူးကိုဆက်ထိန်းထားလိမ့်မယ်လို့ ဒူတာတီးကို ဝေဖန်သူတွေက ယုံကြည်ထားကြပါတယ်။ သမ္မတဟာ အနိုင်ရပြီးတာနှင့် အနားယူလိုက်ပြီး သူက အဲဒီအခါ သမ္မတရာထူးကို ရယူလိမ့်မယ်လို့ ပြောနေကြတာပါ။
 
ဒူတာတီးက သူ့ကိုယ်သူ အာဏာမမက်မောတဲ့ စိတ်မပါတဲ့ သမ္မတအဖြစ် ပုံဖော်ထာခဲ့ပါတယ်။ သူက “ဂိုး” ကို သူ့ အရိုက်အရာ ဆက်ခံသူဖြစ်စေချင်တယ်လို့ ကြိမ်ဖန်ပေါင်းများစွာ ပြောခဲ့ပါတယ်။ သူ့ထောက်ခံမှုနှင့် “ဂိုး”ဟာ ၂၀၁၉ မှာ ဆီနိတ်တာတစ်ဦးဖြစ်လာခဲ့ပါတယ်။ သူဟာ ဒူတာတီးရဲ့ ကိုယ်ရေးလက်ထောက်အဖြစ်နှင့် တာဝန်ယူထားပါတယ်။
၁၉၉၀ပြည့်လွန်နှစ်တွေကတည်းက ဂိုးဟာ အသက်၇၆နှစ်အရွယ် ဒူတာတီးရဲ့ အရင်းနှီးဆုံး လက်ထောက်ဖြစ်လာခဲ့သူပါ။ အဲဒီအချိန်တုန်းက ဒူတာတီးဟာ ဖိလစ်ပိုင်တောင်ပိုင်း ဒါဗာအိုမြို့ရဲ့ ကွန်ဂရက်အမတ်တစ်ဦးဖြစ်ခဲ့ပါတယ်။
 
“ ကျွန်တော်အခုထက်ထိ သမ္မတအလုပ်စိတ်မဝင်စားသေးဘူး” လို့ ဆီနိတ်ရဲ့ ကျန်းမာရေးကော်မတီဥက္ကဋ္ဌလုပ်နေတဲ့ ဂိုး ကရိုက်တာကိုပြောပါတယ်။ “ ကာကွယ်ဆေးပထမ၊နိုင်ငံရေးဒုတိယ” လို့ သူကဖြည့်စွက်ပြောပါသေးတယ်။
 
Source: Reuters