Published 11 Sept 2021
အာဆီယံနိုင်ငံများသို့ ရထားလမ်းသစ် မဖွင့်မီတွင် တရုတ်က အရှေ့တောင်အာရှနိုင်ငံတွေဆီက သွင်းကုန်တွေကို တိုးမြှင့်ဝယ်ယူမယ်လို့ ကတိပြုလိုက်ပါတယ်။
 
တရုတ်နိုင်ငံ နန်နင်းမှာ စက်တင်ဘာ ၁၀ရက်က ကျင်းပတဲ့ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှု ထိပ်သီးဆွေးနွေးပွဲမှာ တရုတ် ဒုတိယသမ္မတ ဝမ်ကျီရှန်းက မိန့်ခွန်းပြောကြားရာမှာ စီးပွားရေးပြန်လည်နာလံထူလာဖို့အတွက် မိတ်ဖက်နှစ်ဘက်စလုံးက ဖွံ့ဖြိုးတိုးတက်မှုအသစ် မောင်းနှင်အားတွေကို ဆောင်ရွက်ကြရမယ်လို့ ပြောပါတယ်။
“ အာဆီယံကို တရုတ်ရဲ့ အိမ်နီးချင်း သံခင်းတမန်ခင်း ဦးစားပေးအဖြစ် ကျွန်တော်တို့ဆက်ဆံမှာပါ” လို့ ဝမ်က သံတမန်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနှင့် အရာရှိတွေကို ဗွီဒီယိုကနေ ပြောပါတယ်။
 
“ တရုတ်နိုင်ငံဟာ အာဆီယံကနေ ကွဲပြားခြားနားတဲ့ ထုတ်ကုန်တွေကို ပိုပြီးတင်သွင်းသွားမယ်။ အပြန်အလှန် ရင်းနှီးမြှပ်နှံမှုတွေကို တိုးချဲ့သွားမယ်။ စက်မှုထောက်ပို့ကွင်းဆက်ကို နက်နက်ရှိုင်းရှိုင်းဆောင်ရွက်မယ်။ပြီးတော့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်သွားမယ်” လို့ သူက ပြောပါတယ်။
 
တရုတ်နိုင်ငံနှင့် အာဆီယံကုန်သွယ်ရေးမှာ မနှစ်ကနှင့်ယှဉ်လျှင် ယခု၂၀၂၁ ပထမခြောက်လမှာ ဒေါ်လာ၄၁၀.၇ ဘီလျံအထိ ၃၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ အာဆီယံကို တရုတ်ရဲ့ပို့ကုန် ၂၂၅.၈ ဘီလျံရှိပြီး သွင်းကုန်က ၁၈၄.၉ ဘီလျံရှိခဲ့ပါတယ်။
 
လာအိုဟာ တရုတ်နှင့် ရထားလမ်းကို ဒီဇင်ဘာ ၂ရက်နေ့မှာ ဖွင့်လှစ်တော့မယ်လို့ လာအိုဝန်ကြီးချုပ် ဖန်ခမ်ဗီဖာဗန်းက သောကြာနေ့က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် ဦးစီးဦးရွက်အစီအစဉ်ရဲ့ ရန်ပုံငွေနှင့် တည်ဆောက်ခဲ့တဲ့ လာအိုနိုင်ငံ အပိုင်း ရထားလမ်းဟာ ၄၂၆ ကီလိုမီတာရှည်လျားပါတယ်။
 
မြို့တော် ဗီယန်ကျင်းမြောက်ပိုင်းကနေ တရုတ်နယ်စပ် ဘိုတင်း အထိ ဆက်သွယ်ထားပါတယ်။ အဲဒီကနေ ကူမင်းကို ဆက်လက်ချိတ်ဆက်ထားပါတယ်။
တောင်ဘက်မှာတော့ ရထားလမ်းဟာ မဲခေါင်တစ်လျောက် ဗီယန်ကျင်းကနေ ထိုင်းအဖိရောက်ရှိပြီး အဲဒီကတစ်ဆင့် ဘန်ကောက်ကိုချိတ်ဆက်ထားပါတယ်။ ထိုင်းနိုင်ငံမှာတော့ ပထမအဆင့် ရထားလမ်းဆောက်လုပ်ရေးစတင်နေပါပြီ။ ၂၀၂၆ နှစ်ကုန်ပိုင်းအပြီးအစီးရည်မှန်းထားပါတယ်။
 
အဲဒီအပြင်ဗီယက်နမ်နှင့်လည်း ရထားလမ်းနှစ်လမ်းရှိပါတယ်။ ကူမင်းကနေ မန္တလေးရထားလမ်းကတော့ မြန်မာနိုင်ငံရဲ့ မငြိမ်မသက်မှုတွေကြီးထွားလာမှုကြောင့် နှေးကွေးနေပါတယ်။
 
“ တရုတ်နှင့် အာဆီယံက မိတ်ဆွေတွေကို ဒေသရဲ့စီးပွားရေး ပြန်လည်ရှင်သန်ဖို့ အတူတကွ အလုပ်လုပ်ကြပါဖို့ မေတ္တာရပ်ခံလိုပါတယ်” လို့ နန်နင်း ထိပ်သီးဆွေးနွေးပွဲတက်ရောက်နေတဲ့ မြန်မာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး (ဒေါက်တာ)ပွင့်ဆန်းက ပြောပါတယ်။ “ ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေးကို တိုးမြှင့်ပေးနိုင်မယ့် ကုန်စည်တွေအပေါ် အခွန်မဟုတ်တဲ့ အတားအဆီးတွေကို ဖြေလျော့ဖို့ ကျွန်တော်တို့အတူတကွအလုပ်လုပ်ကြဖို့ ထပ်ပြီးပြောချင်ပါတယ်” လို့ သူကပြောတယ်လို့ နစ်ကေးအေးရှားက ရေးသားပါတယ်။
 
လက်ရှိမှာတော့ ချုံကင်းချိတ်ဆက်မှုဦးစီးဦးရွက်လို့သိထားတဲ့ သယ်ယူပို့ဆောင်ရေးကော်ရစ်ဒါ တလျောက် တရုတ်နှင့် အာဆီယံတို့ရဲ့ ကုန်းလမ်း ရေလမ်း ပို့ကုန်တွေဟာ ပြီးခဲ့တဲ့နှစ်က ၃၀ရာခိုင်နှုန်းတိုးတက်လာတယ်လို့ စင်္ကာပူဒုတိယဝန်ကြီးချုပ် ဟန်ဆွီကိ ကပြောပါတယ်။
 
Source :Nikkei Asia