Published 3 August 2022

နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက်တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့တို့ ယနေ့ ဩဂုတ်(၃)ရက်နေ့ နေပြည်တော်၌ တွေ့ဆုံခဲ့ကြကြောင်း  နစကရဲ့ သတင်းအရင်းအမြစ်များအရ သိရပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဩဂုတ်(၃)ရက် မနက်က မြန်မာနိုင်ငံ နေပြည်တော်သို့ အလုပ်သဘော ရောက်ရှိလာတာဖြစ်ပြီး မနက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဗိုလ်ချူပ်မှူးကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ တို့ တွေ့ဆုံတဲ့ သတင်းအသေးစိတ်ကိုတော့ နှစ်ဘက်လုံးက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

 မြန်မာနှင့်ရုရှားတို့ဟာ နှစ်နိုင်ငံအကြား ပြန်လည်ပြုစုထားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာတစ်ခုကို လက်မှတ်ရေးထိုးနိုင်အောင်ပြင်ဆင်ထားတယ်လို့ ရုရှားနိင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်(၂)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ နှစ်နိုင်ငံအကြား ကော်မရှင်ရဲ့ တတိယအစည်းအဝေးကို ဒီနှစ်နှစ်ကုန်ပိုင်းမှာ ပြုလုပ်ရန်ရှိပြီး ပြန်လည်ပြုစုထားတဲ့ မဟာဗျူဟာကို လက်မှတ်ထိုးဖို့ ပြင်ဆင်နေတယ်လို့ ရုရှားကပြောပါတယ်။

မြန်မာဟာ ရုရှားထံမှ ရေနံဓာတ်ငွေ့ရည်အပါအဝင်  စွမ်းအင်ဝယ်ယူဖို့စိတ်ဝင်စားနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“ ရုရှားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ကြဖို့လည်း မြန်မာက စိတ်ဝင်စားနေတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မနက်က တွေ့ဆုံပွဲမှာအဆွေတော်ရဲ့ခရီးဟာ  ရုရှားနှင့်မြန်မာ နီးကပ်စွာဆက်သွယ်ဖို့ အတည်ပြုလိုက်တာဖြစ်တယ်လို့ နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကပြောခဲ့ပြီး သိပ်အရေးကြီးတဲ့ခရီးစဉ်ဖြစ်တယ်လို့လည်းထပ်လောင်းပြောကြားခဲ့တယ်လို့ TASS သတင်းဌာနက သတင်းရေးသားပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးကလည်း “ မြန်မာဟာ အာရှပစိဖိတ်ဒေသမှာ နှစ်ရှည်လများ ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဖက်ကောင်း နိုင်ငံဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံဟာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ချစ်ကြည်ရင်းနှီးမှုနှင့် ထောက်ခံအားပေးမှုတွေမှာ ဆယ်စုနှစ်တစ်စုကျော် ခိုင်မြဲ ခဲ့တယ်လို့လည်းသူကပြောတဲ့အကြောင်း အဆိုပါ သတင်းမှာဖော်ပြ ထားပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ခရီးစဉ်အတွင်း နိုင်ငံရေးဆွေးနွေးမှု၊ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ကာကွယ်ရေးနှင့်လုံခြုံရေးနယ်ပယ်အပြန်အလှန်ဆက်သွယ်မှုနှင့် လူသားချင်းစာနာထောက်ထားဆက်ဆံမှုတွေအပါအဝင် ရုရှား-မြန်မာဆက်ဆံရေး ကျယ်ပြန့်တဲ့နယ်ပယ်တစ်ခုလုံးကို ဆွေးနွေးကြမယ်လို့ ယမန်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအပြင်အရေးတကြီးဖြစ်နေတဲ့ နိုင်ငံတကနှင့်ဒေသဆိုင်ရာ ပြဿနာတွေကိုလည်း ဆွေးနွေးကြဖို့ စဉ်းစားထားတယ်လို့  ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ymg/knl

#Russia_Myanmar

#Sergey Lavrov

#Geo_Politics