Published 1 July 2022

တက္ကသိုလ်ပညာရပ်များကို ဆည်းပူးသင်ယူနိုင်မည့် Naypyitaw State Academy (NSA)ကို နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်တွင် တည်ဆောက်လျှက်ရှိရာ ၂၀၂၄ခုနှစ်ဧပြီလတွင် ပြီးစီးမယ်လို့ သိရှိရပါတယ်။

အဲဒီNSA လို့ အမည်ပေးထားတဲ့ နေပြည်တော်တက္ကသိုလ်တွင် ရွေးချယ်ထားသည့် ဝိဇ္ဇာ/သိပ္ပံဘာသာရပ်တွေ၊စီးပွားရေး၊ ဥပဒေ၊လူမှုရေး၊အားကစားနှင့် ဆေးပညာဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်လို့လည်း နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါ Naypyitaw State Academy တည်ဆောက်နေရာသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ ဇူလိုင်(၁)ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါတယ်။

“ယခုစီမံကိန်းနှင့်ပတ်သက်လို့ အခေါ်အဝေါ်သတ်မှတ်တာတွေနှင့် ဌာနဖွဲ့စည်းတာတွေကို သတ်မှတ်ရာမှာ အခြားနိုင်ငံကြီးတွေမှာ အသုံးပြုတဲ့ ဘာသာရပ်ဆိုင်ရာ အသုံးအနှုံးတွေနှင့် လုပ်နည်းစနစ်တွေကို လေ့လာပြီး  စနစ်တကျသတ်မှတ်ဆောင်ရွက်ကြဖို့လိုပါတယ်” လို့ နစကဥက္ကဋ္ဌက လုပ်ငန်းခွင်ကိုစစ်ဆေးစဉ် မှာကြားခဲ့ပါတယ်။

“ ယခုပညာသင်နှစ်ကစပြီး တတိယနှစ်နှင့် စတုတ္ထနှစ် Day ကျောင်းသားတွေကို လက်ခံသင်ကြားပေးဖို့၊အဲဒီကမှ ပထမနှစ် နှင့်ဒုတိယနှစ်တွေကို ဆင့်ကဲဆင့်ကဲ  ဆက်လက်ခေါ်ယူသင်ကြားပေးဖို့၊လောလာဆယ်ဖယ်ရီကြိုပို့တွေ စီစဉ်ဖို့ နှင့် နောင်မှာ အဆောင်တွေမှာ နေထိုင်ပြီးစာသင်ယူနိုင်အောင်ဆောင်ရွက်ဖို့” စတာတွေကိုလည်း သူက ပြောပါတယ်။

ဖွင့်လှစ်မည့် Naypyitaw State Academy မှာ နေပြည်တော် ဝန်ထမ်းမိသားစု သားသမီးတွေနှင့် မြို့နယ်(၈)မြို့နယ်မှ အရည်အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသူတွေကို ဦးစားပေးရွေးချယ်သွားမယ်လို့လည်း သိရပါတယ်။

ယခင်အားကစား တက္ကသိုလ်အဖြစ် တည်ထောင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မဖွင့်လှစ်နိုင်သည့် နေရာကို အခြေခံပြီး ယခုစီမံကိန်းကို ၂၀၂၂ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ရာတွင် တက္ကသိုလ် အင်္ဂါရပ်နှင့် ပြည့်စုံအောင် အဆောက်အဦတွေ ဖြည့်တင်းတည်ဆောက်နေတာလို့ သတင်းမှာဖော်ပြထားပါတယ်။

Ymg/knl