#LocalNews
Published - 2 April 2022

 

ငါးလအတွင်း စင်ကာပူနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်လာခဲ့ပြီး အီးယူ အပါအဝင် အနောက်နိုင်ငံများမှလည်း ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ ISP Myanmar ၏ သု တေသနစစ်တမ်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

 

နစက အစိုးရက မီနီဘတ်ဂျက်အဖြစ် သတ်မှတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် ဝင်ရောက်ခဲ့တဲ့အနက် အာဆီယံနိုင်ငံတွေက အမေရိကန်ဒေါ်လာ ၂၈၅ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အဲ့ဒီအထဲမှာမှ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၂၇၇ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့တဲ့နိုင်ငံဖြစ်သလို တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော်ဖြင့် ဒုတိယအများဆုံးဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ISP Myanmar က ဖော်ပြပါတယ်။

 

ဒါ့အပြင် ထိုင်း၊ မလေးရှား တို့လို အခြားအာဆီယံနိုင်ငံတွေဆီကလည်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခုနှစ်သန်းနဲ့ အမေရိကန်သုံးသိန်းကျော် အသီးသီးဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

ထို့အပြင် ဂျပန်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ တသန်းကျော် ဝင်ရောက်ခဲ့ပြီး ထူးခြားတာကတော့ ငါးလအတွင်းမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နယ်သာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသန်း၊ ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသိန်းကျော် စသဖြင့် ယခု နစက အစိုးရလက်ထက်မှာ အီးယူနိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ပထမဆုံး ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

 

ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုပါက ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော်နဲ့ အများဆုံးဝင်ရောက်ထားတာကို တွေ့ရပါတယ်။

 

ဒါကြောင့် ဝန်ဆောင်မှုကဏ္ဍမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိရှိနေသလို ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒုတိယအများဆုံး ဝင်ရောက်ထားတာဖြစ်ပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၉ သန်းခန့် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။

 

သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်‌ငွေ့၊ အိမ်ခြံမြေ၊ စက်မှုဇုန်များ စတဲ့ ကဏ္ဍတွေမှာတော့ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်း လုံးဝမရှိခဲ့တာတွေ့ရတယ်လို့လည်း ISP Myanmar ၏ သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။

 

ဓါတ်ပုံ - ISP Myanmar

 

ymg/kg
#Yangon_Media_Group