#LocalNews
Published- Feb 16 2022


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ၌ လေယာဉ်စီးနင်းလိုက်ပါကြမည့်ခရီးသည်များကို ကိုဗစ်ပိုးရှိမရှိ(Swab) ယူကာ R.D.T test kit နဲ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးဝင်းတွင်စစ်ဆေးရာ ခရီးသည်သုံးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ၎င်းတို့ အား ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Isolation Ward နှင့် Home Isolation နေရာများ တွင် သီးသန့်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

ပိုးတွေ့ရှိသူများမှာ ကျောက်ဖြူမြို့ ၊ ကညင်တောရပ်ကွက်တွင်နေထိုင်တဲ့ အမျိုးသားတစ်ဦး၊ တည်းခိုခန်းများတွင်တည်းခိုနေတဲ့ အမျိုးသားနှစ်ဦးတို့ ဖြစ်ကာသုံးဦးအနက် နှစ်ဦးအား ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Isolation Ward နှင့် ကျန်တစ်ဦးအား ၎င်းတို့ ရဲ့နေအိမ်များတွင် Home Isolation Guide Line အတိုင်း နေထိုင်စေတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့မှလေယာဉ်စီးနင်းလိုက်ပါကြမယ့် ခရီးသည်များအနေနဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်ကာ R.D.T test kit ဖြင့်စစ်ဆေးခြင်းကို ခရီးစဉ်မတိုင်မီ (၄၈)နာရီအတွင်း ကျန်းမာရေး ဦးစီးဌာနကိုသွားရောက်စစ်ဆေးသွားရမှာဖြစ်ပြီး ခရီးသည်များအားလုံး စစ်ဆေးပြီးထားတဲ့ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ် Negative Test Result ပါရှိရမည်ဖြစ်ပြီး မျက်နှာအကာ Face Shield နှင့် နှာခေါင်းစည်း Mask တပ်ဆင်လာရမှာဖြစ်တယ်လို့ ကျောက်ဖြူမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသိရပါတယ်။

ကျောက်ဖြူမြို့ တွင် လေယာဉ်စီးနင်းလိုက်ပါကြမယ့် ခရီးသည်များကို သန်ပန်ချောင်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် လေယာဉ်မထွက်မီတစ်ရက် ကြိုတင်ကာ မွန်းလွဲ ၁ နာရီမှ ၃ နာရီအတွင်း ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

ymg/hm
#Yangon_Media_Group