Published 30 January 2022

မြန်မာ့လက်ရွေးစင်အားကစားအသင်းတွေအနေနှင့် မျှော်မှန်းသလောက် မအောင်မြင်ကြရခြင်းဟာ အားကစားသမားများ ကြောင့်သာမက နိုင်ငံတော်အဆင့်မှာလည်း လိုအပ်ချက်တွေရှိလို့ဖြစ်တယ်လို့ နစကဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရှေးယခင်ကတည်းက အားကစားနှင့်ပတ်သက်ပြီး အားပေးဆောင်ရွက်ခဲ့ပေမယ့် ယခုအခါ မြန်မာ့လက်ရွေးစင် အားကစားအသင်းတွေအနေဖြင့် မျှော်မှန်းသလောက်အောင်မြင်မှုမရရှိကြတာကိုတွေ့ရတယ်လို့ သူကပြောကြားခဲ့တာပါ။

ဇန်နဝါရီ ၂၉ရက် စနေနေ့က နေပြည်တော်မှာရှိတဲ့ ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဘီ)မှာ မြန်မာ့လက်ရွေးစင်အားကစားသမားတွေရဲ့ လေ့ကျင့်သရုပ်ပြမှုတွေကို သွားရောက်ကြည့်ရှုအားပေးစဉ်မှာ နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူကြီး မင်းအောင်လှိုင်က ယခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်လူငယ်နှင့်စာပေပွဲတော်ကို တက်ရောက်ရင်း နစကဥက္ကဋ္ဌက မြန်မာ့ လက်ရွေးစင်အားကစားသမားများလေ့ကျင့်နေမှုကို သွားရောက်အားပေးခဲ့တာပါ။

အားကစားတွေအောင်မြင်မှုရရှိဖို့ စိတ်ဓာတ်စည်းကမ်းကိုအခြေခံပြီးလေ့ကျင့်ရေးတွေ စနစ်တကျပြုလုပ်သွားဖို့လိုသလို နိုင်ငံတော်အပိုင်းကလည်း ပြင်ဆင်ချိန်နှင့် ယှဉ်ပြိုင်ချိန်တွေမှာ  လိုအပ်တာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးမယ်လို့ သူက ကတိပေးပြောကြားခဲ့ပါတယ်။

အဲဒီအပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသိး၊ခရိုင်အဆင့်၊မြို့နယ်အဆင့်တွေမှာ  အဆင့်မီဘောလုံးအားကစားကွင်းတွေ၊ မိုးလုံလေလုံအားကစားကွင်းတွေနှင့်ရေကူးကန်တွေတည်ဆောက်ပေးမှာဖြစ်တဲ့အပြင်  နိုင်ငံ့ကိုယ်စားပြုအားကစာသမား  တွေရဲ့ ဘဝအာမခံချက်ရရှိရေးအတွက် နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် မြန်မာလက်ရွေးစင်အားကစားသမားတွေဟာ အားကစားအမျိုးအစားအလိုက် စခန်းသွင်း  လေ့ကျင့်လျက်ရှိနေကြကြောင်းသိရပါတယ်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပေးရမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၁)ရက်နေ ဒီဇင်ဘာ (၂)ရက်အထိ ဟနွိုင်းမှာကျင်းပဖို့ သတ်မှတ်ထားခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါဘေးကြောင့် ၂၀၂၂ခုနှစ်မေလ(၁၂)ရက်မှ (၂၃)ရက်အထိ ပြောင်းရွှေ့ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိင်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၉ခုနှစ်က ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံဟာ ရွှေတံဆိပ်(၄)ခု၊ငွေတံဆိပ်(၁၈)ခု၊ကြေးတံဆိပ်(၅၁)ခု စုစုပေါင်း ဆုတံဆိပ်(၇၃)ခု ရရှိခဲ့ပြီး နိုင်ငံပေါင်း(၁၁)နိုင်ငံမှာ မြန်မာနိုင်ငံက အဆင့်(၇)သာရရှိခဲ့ပါတယ်။

၂၀၁၇ခုနှစ်က မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံဟာ ရွှေ (၇)ခု၊ငွေ (၁၀)ခု၊ကြေး(၂၀)ခုနှင့်  စုစုပေါင်းဆုတံဆိပ်(၃၇)ခုနှင့် အဆင့်(၇)ပဲရရှိခဲ့ပါတယ်။