Published: 29 January 2022

အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ပေးမယ်လို့ နစကနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ဇန်နဝါရီ ၂၉ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီအပြင် အထူးကိုယ်စားလှယ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့်ပြုလုပ်တဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်ရေးဆိုတာကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်ရဲ့မြန်မာနိုင်ငံခရီးစဉ် ရလဒ်တစ်ခုဖြစ်တယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံကိုယ်စားပြူမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ မူများနှင့်အညီ တန်းတူရည်တူရရှိရေးဟူသော မူအတိုင်း ရပ်တည်ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++

သတင်းထုတ်ပြန်ချက်

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် အာဆီယံဥက္ကဌတာဝန်ယူမည့်ကိစ္စနှင့်ပတ် သက်၍ မြန်မာနိုင်ငံအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဌတာဝန်ယူမှုနှင့် ၂၀၂၂ ခုနှစ် တွင် ကြိုးပမ်းအကောင်အထည်ဖော်သွားမည့် ဦးစားပေးအစီအစဉ်များကိုလည်း အပြည့်အဝ ထောက်ခံသွားမည်ဖြစ်ပါသည်။

ဝန်ကြီးချုပ်ဟွန်ဆင် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှ ၈ ရက်နေ့ အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်။ ယင်းခရီးစဉ် က အပြုသဘောဆောင်သောရလဒ်များဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုအကူ အညီများပေးအပ်ခြင်း၊ အာဆီယံဥက္ကဌ၏အထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ AHA စင်တာမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသို့ AHA စင်တာ မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာကုလသမဂ္ဂလက်အောက်ခံ အထူးအေဂျင်စီတို့ပါဝင်သော အစည်းအဝေး ကျင်းပခြင်း၊ အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်မှ လက်နက်ကိုင်အဖွဲ့ အစည်းများအပါအဝင် မြန်မာနိုင်ငံ၏ အခြေအနေအပေါ်မူတည်၍ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခြင်းတို့ကို ရရှိမည်ဖြစ်ပါသည်။ အထူးကိုယ်စားလှယ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ရေးမှာ ဝန်ကြီးချုပ် ဟွန်ဆင်၏ ခရီးစဉ်ရလဒ်တစ်ခုလည်းဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဝန်ကြီးချုပ်ဟွန်ဆင်က အာဆီယံအတွင်း မတူညီသည့်သဘော ထားများကို ဆွေးနွေးမှုများဖြင့် ဆောင်ရွက်နေခြင်း၊ အာဆီယံ ပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံ စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းရေးနှင့် တူညီဆန္ဒ(၅) ချက်အကောင်အထည်ဖော်မှု နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခြင်းကိုလည်း မှတ်သားထားပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဝန်ကြီးချုပ် ဟွန်ဆင်တို့ ၂၆-၁-၂၀၂၂ ရက်နေ့၌ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံစဉ် တွင်လည်း အာဆီယံဥက္ကဌနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ရေးအတွက် အပြုသဘော ဆွေးနွေးခဲ့ကြပါသည်။

မြန်မာအနေဖြင့် အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုနှင့်  ပတ်သက်၍ ၂၄-၄-၂၀၂၁ ရက်၌ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး ပြီးခဲ့သည့်နောက်ပိုင်း ပြည်သူများအသက်အိုးအိမ်လုံခြုံမှုနှင့် ပြည်တွင်း တရားဥပဒေစိုးမိုးရေး အတွက် အမြင့်မားဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရုံ သာမက အင်အားအနည်းဆုံး အသုံးပြု၍ ကိုင်တွယ်ဆောင်ရွက်နေပြီး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးတို့နှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဌနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ၁၅-၁၀-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေး နောက်ပိုင်း၌လည်း မြန်မာနိုင်ငံသည် အာဆီယံနှင့် အပြုသဘော ဆက်လက်ထိတွေ့ ဆက်ဆံလျက်ရှိပါသည်။ ထိုသို့ရရှိပြီးဖြစ်သည့် ရလဒ်ကောင်းများကို ဆက်လက် ထိန်းသိမ်းသွားရေးကိုရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံက ၎င်းတို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ် ဆုတ်ခွန်း အား အထူးကိုယ်စားလှယ်အသစ် အဖြစ်ခန့်ရန် ရွေးချယ်အဆိုပြုလာခြင်းကို ကြိုဆိုခဲ့ပါသည်။ ၎င်းအား တာဝန်ပေးခန့်အပ်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအားလုံး ပါဝင်ကာ ဆောလျင်စွာ အပြီးသတ် ဆောင်ရွက်နိုင်မည်ဟု မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်ပါသည်။ အာဆီယံ အစည်းအဝေးများတွင်လည်း နိုင်ငံကိုယ်စားပြုမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ မူများနှင့် အညီ တန်းတူရည်တူရှိရေးဟူသောမူအတိုင်း ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များနှင့်အညီ အာဆီယံနှင့် အပြုသဘောဆက်ဆံမှုပြုရေးကို ရည်ရွယ်၍ အာဆီယံဥက္ကဌကမ္ဘောဒီးယားမှ ခန့်အပ်မည့် အထူးကိုယ်စားလှယ်အသစ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်။