Published 28 January 2022

မြန်မာနိုင်ငံတွင် ကျွဲနွားများကို နိုင်ငံခြားသို့ တရားဝင်တင်ပို့ရောင်းချခွင့်ပြုထားပေမယ့် စနစ်တကျမွေးမြူရောင်းချခြင်းမရှိတဲ့ အတွက် နိုင်ငံတွင် ဆုံးရှုံးနစ်နာမှုတွေရှိနေတယ်လို့ နစကဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ၂၈ရက် ဒီကနေ့ နံနက်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၂ခုနှစ် မွေးမြူရေးတိရိစ္တာန်ပြပွဲပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမှာ နစကဥက္ကဋ္ဌက ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲသလိုတရားဝင်ခွင့်ပြုထားပေမယ့် တရားမဝင်တင်ပို့ရောင်းချနေတာတွေလည်းရှိနေတယ်လို့လည်းဆိုပါတယ်။

“ တရားဝင်ကုန်သွယ်မှုအနေဖြင့် မူဆယ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပိုနေ့ပါတယ်။ အဲဒီအပြင် ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုလည်း တရားဝင်ရော တရားမဝင်လမ်းကြောင်းတွေကပါ တစ်ဆင့်တင်ပို့တဲ့ လုပ်ငန်းတွေရှိနေတာကို တွေ့ရပါတယ်” လို့ နစကဥက္ကဋ္ဌဗိုလ်ချူ့ပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဒါပေမယ့် ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်တွေကို တင်ပို့ရောင်းချနိုင်ဖို့အတွက် ကုန်သွယ်မှုဆိုင်ရာနှင့် တိရိစ္ဆာန်ရောဂါ ကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်တွေကို တိုးချဲ့ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

၂၀၁၇ခုနှစ် အောက်တိုာ(၉)ရက်နေ့မှာ စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကျွဲ၊နွားအရှင်တွေကို ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုကြောင်းကို အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၇ထုတ်ပြန်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

“ပြည်ပသို့ ကျွဲနွားတွေတင်ပို့သူတွေအနေနှင့် ဝယ်ယူစုဆောင်းခြင်း၊တိရိစ္ဆာန်ကျန်းမာရေးစစ်ဆေးခြင်း၊ပြည်တွင်းနယ်ကျော် သယ်ဆောင်ခြင်းတွေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနနှင့်စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန-မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ရဲ့ လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်သွားရမယ်” လို့ အဆိုပါအမိန့်ကြော်ငြာစာထဲမှာ စည်းကမ်းသတ်မှတ်ထုတ်ပြန်ထားခဲ့ပါတယ်။ အဲဒီ့အပြင် လုပ်ငန်းစဉ်အသေးစိတ်ကိုလည်း ဆက်လက်ထုတ်ပြန်ပေးခဲ့ကြောင်းသိရပါတယ်။

ဒါပေမယ့် တရားမဝင်တင်ပို့မှုတွေနှင့် စနစ်ကျနမှုမရှိခြင်းတွေကတော့ ဆက်လက်ရှိနေဆဲဖြစ်တာကို နစကဥက္ကဋ္ဌက သတိပေး ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၈ခုနှစ် တိရိစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ နွားအကောင်ရေ၉.၆၅သန်းနှင့် ကျွဲအကောင်ရေ၁.၈သန်းခန့်ရှိကြောင်းသိရှိရပါတယ်။ အဲဒီအထဲမှာ နွားထီး၅.၁သန်းနှင့် နွားမ ၄.၃သန်း၊ကျွဲထီး၀.၇သန်းနှင့် ကျွဲမ၁.၁သန်းခန့်ရှိတယ်လို့ စာရင်းမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံသို့ ကျွဲနွားအရှင်များတင်ပို့ခဲ့ရာမှာ စတင်ခွင့်ပြုခဲ့တဲ့ ၂၀၁၇ကနေ ၂၀၁၉စက်တင်ဘာအထိ (၂)နှစ်တာအတွင်းမှာ နွားကောင်ရေ ငါးသိန်းနှစ်သောင်းကျော်၊ကျွဲကောင်ရေငါးသောင်းကိုးထောင်ကျော် တင်ပို့ခဲ့ပြီး ကျပ်သန်းပေါင်း ၅၈၀၀ခန့်ရရှိခဲ့တယ်လို့သိရပါတယ်။