#LocalNews
Published -29 Jan 2022

တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်းမူးယစ်ဆေးဝါးနဲ့တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကသိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် ဟောင်လိတ်စက်မှုဇုန်မှ မြို့ရှောင်လမ်းဘက်သို့ မောင်းနှင်လာသည့် Toyota Crown မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အဆိုပါယာဉ်မှာ ဆက်လက်မောင်းနှင်၍ လမ်းဘေးတောစပ်တွင် ယာဉ်အားရပ်တန့်ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားသဖြင့် ၎င်းမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၆၀၀ ကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀ ကီလို သိမ်းဆည်းရမိခဲ့​တယ်လို့သိရပါတယ်။

ဆက်လက်ပြီးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ညနေ ၃ နာရီခွဲအချိန် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ အမှတ်(ဝလ/၉၅)ရှိ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများပိုင်ရှင် မောရှည်(၄၅)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အဆိုပါနေအိမ်၌ ကျိုင်းတုံမြို့မှ ရောက်ရှိနေသည့် မောရှည်နှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း)များ ရောင်းဝယ်ရာတွင် အကျိုးတူပူးပေါင်းပါဝင်သူ မနာလောခမ်း (၄၄)နှစ်အား Toyota Crown မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့​တယ်လို့သိရပါတယ်။

ဆက်လက်၍ မနာလောခမ်းအား စစ်ဆေး ဖော်ထုတ်ချက်အရ ညနေ ၅ နာရီခွဲအချိန် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မာပို(၁)ကျေးရွာရှိ မောရှည် ပိုင် ရာဘာခြံကို ဆက်လက်ရှာဖွေရာ လှဝင်း(၁၈)နှစ်အား စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ပြား၊ ပွိုင့် ၂၂ သေနတ်ကိုယ်ထည် ၁ ခု၊ ပွိုင့် ၂၂ ပြောင်း ၁ ခု၊ ပွိုင့် ၂၂ စနိုက်ပါမှန်ပြောင်း ၁ ခု၊ ၄၀ မမဗုံးသီး ၃ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၈ လုံး၊ ကျည်မျိုးစုံ ၆၅၂ တောင့်နှင့် သေနတ်လွယ်ကြိုး ၅ ချောင်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိ​တယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group