Published 5 January 2022

 ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့အပြားတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ရခြင်းမှာ

ဓာတ်အားစနစ်အတွင်း ဓာတ်အားလိုအပ်ချက် (၁၄၇၀)မဂ္ဂါဝပ်ခန့်လျော့နည်းရရှိနေ၍ဖြစ်ကြောင်း သက်ဆိုင်ရာလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီ (၅)ရက်မှာ အများပြည်သူသို့ပန်ကြားချက်ထုတ်ပြန်ဖြေရှင်းထားပါတယ်။

 

အဲဒီလိုလျော့နည်းရရှိနေတာဟာ ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်နေတဲ့အတွက် LNG to Power ဓာတ်အားပေးစက်ရုံများရပ်တန့်ထားရခြင်း၊ ရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်း နှစ်စဉ်ပုံမှန်ထိန်းသိမ်းမှုတွေ ဆောင်ရွက်နေခြင်းကြောင့် သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံတွေရဲ့ထုတ်လုပ်မှုတွေလျော့နည်းနေခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေမှပို့လွှတ်တဲ့ဓာတ်အားတွေဟာ တာဝါတိုင်များ အကြိမ်ကြိမ်ဖျက်ဆီးခံရတဲ့အတွက် ဓာတ်အားလျော့နည်းရရှိခြင်းတို့ကြောင့်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အဲဒီသတင်းထုတ်ပြန်ချက်အပြည့်အစုံကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။

++++++++++++++++++++++++++++++++++

 

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော

စက်ရုံကြီးများ၏ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာသည့်အခြေအနေနှင့်စပ်လျဉ်း၍

အများပြည်သူသို့ပန်ကြားချက်

***************

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၅ ရက်

 

၁။         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အများ ပြည်သူနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ဓာတ်အားသုံးစွဲနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံ များမှ ဓာတ်အားထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နှစ်စဉ်တိုးတက်လာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂။         ပုံမှန်အချိန်တွင် အမြင့်ဆုံး ဓာတ်အားထုတ်လုပ်နိုင်မှုသည်(၄၂၀၀)မဂ္ဂါဝပ်ခန့် ရှိသော်လည်း လက်ရှိအချိန်တွင်  ပြည်ပမှ မှာယူတင်သွင်းရသော LNG to Power ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်းလေးဆခန့် မြင့်တက်လာခြင်းကြောင့် ရပ်တန့် ထားရခြင်း၊ ရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်းမှ စဉ်ဆက်မပြတ် ဓာတ်ငွေ့ထုတ်လုပ်နိုင်ရန် နှစ်စဉ် ပုံမှန်ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းစဉ်များကို ယခင်နှစ်များကဲ့သို့(၂၇-၁၁-၂၀၂၁)ရက်နေ့မှ (၆-၁-၂၀၂၂)ရက်နေ့အထိ ဆောင်ရွက်ခဲ့ရသဖြင့် သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၅၄၀) မဂ္ဂါဝပ်ခန့် လျော့နည်းနေခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ တာဝါတိုင်များကို အကြမ်းဖက်သူများ၏ အကြိမ်ကြိမ် မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ဓာတ်အား (၁၈၀) မဂ္ဂါဝပ်ခန့်တို့ အသီးသီး လျော့နည်းလျက်ရှိပါသည်။

၃။         ထို့အပြင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအချို့တွင် ဓာတ်အားပေးစက်များနှစ်စဉ် ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်နေခြင်း၊ ယခု ပွင့်လင်းရာသီကာလ၌ ရေအားလျှပ်စစ်ဓာတ်အားစက်ရုံများအတွက် ရေဝင်ရောက်မှုနည်းလာပြီး နွေရာသီကာလဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ရေလှောင်ကန်/ဆည်များ၌ ရေအားလျှပ်စစ် ထုတ်လုပ်မှုကို ထိန်းသိမ်းလျော့ချ မောင်းနှင်ရခြင်းတို့ကြောင့် စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှုမှာ သုံးစွဲမှုထက် (၁၄၇၀) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိနေပါသည်။ ထိုသို့ လျော့နည်းနေရာမှ  ရတနာဓာတ်ငွေ့စီမံကိန်း၏ ထိန်းသိမ်းပြုပြင်မှုများ ပြီးစီးပါက (၇-၁-၂၀၂၂)ရက်နေ့မှစ၍ ပုံမှန် ထုတ်လုပ်နိုင်ပြီး ဖျက်ဆီးခံရသည့် တာဝါတိုင်များကို အမြန်ဆုံးပြုပြင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိသော်လည်း (၉၃၀)မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေမည်ဖြစ်ပါသည်။

၄။         သို့ဖြစ်၍ ဓာတ်အားလျော့နည်းထုတ်လုပ်နေရသည့်ပမာဏနှင့်အညီ ဓာတ်အားစနစ်အား တည်ငြိမ်မှုကိုထိန်းညှိရန် ဆောင်ရွက်ရသည့်အတွက် ဓာတ်အားသုံးစွဲမှုများပြားသော နံနက် (၀၇:၀၀)နာရီမှ ည(၁၁:၀၀)နာရီအတွင်းနှင့် ညအချိန်(၁၇:၀၀)နာရီမှ (၁၉:၀၀)နာရီအတွင်း အများဆုံးထုတ်လုပ်ပေးနိုင်သော ဓာတ်အားပမာဏထက် ကျော်လွန်ချိန်များ၌ ဝန်အားလျှော့ချ၍ ဓာတ်အားစနစ်ထိန်းညှိခြင်းကို  မဖြစ်မနေ ဆောင်ရွက်ရလျက်ရှိသဖြင့် အချို့နေရာများတွင် အချိန် ပိုင်းဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

၅။         နိုင်ငံတော်တွင် အိမ်ထောင်စုပေါင်း (၁၀.၉) သန်းခန့်ရှိသည်အနက် လက်ရှိအချိန်တွင် အိမ်ထောင်စုပေါင်း (၆.၆) သန်းခန့် (၆၀%)သည် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲ လျက်ရှိပါသည်။ လက်ရှိ မီးရရှိသုံးစွဲနေသော အိမ်ထောင်စုများအနေဖြင့် မီးလင်းအားတူ၍ ဓာတ်အားသုံးစွဲမှုနည်းသော LED မီးသီး/မီးချောင်းကို အစားထိုးသုံးစွဲခြင်း ပြုလုပ်မည်ဆိုပါက အိမ်ထောင်စု(၁)စုလျှင် (၂၀) ဝပ်ခန့် ချွေတာနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၆.၆) သန်းမှ ဓာတ်အားပမာဏ (၁၃၂) မဂ္ဂါဝပ် ချွေတာနိုင်မည်ဖြစ်ပါသည်။ ၎င်းအပြင် မီးသုံးစွဲမှုများသော အိမ်ထောင်စုများအနေဖြင့် မလိုအပ်သောနေရာများရှိ မီးခလုတ်များကို ပိတ်ထားခြင်းဖြင့် အိမ်ထောင်စု(၁)စုလျှင် (၁၀၀)ဝပ်ခန့် ချွေတာသုံးစွဲပါက အိမ်ထောင်စု(၃)သန်းအတွက် (၃၀၀) မဂ္ဂါဝပ်ခန့် သက်သာမည်ဖြစ်သဖြင့် စုစုပေါင်း (၄၃၂) မဂ္ဂါဝပ်ခန့် လျော့နည်းစေမှုအား ပြန်လည် ဖြည့်တင်းအစားထိုးပေးနိုင်သည့်အပြင် အိမ်ထောင်စု(၁)စုချင်းစီ၏ လျှပ်စစ်မီတာခ ပေးချေရမှုများ လည်း လျော့နည်းသက်သာသွားမည်ဖြစ်ပါသည်။

၆။         သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိမှုအရ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု များအတွက် အချို့သောနေရာများတွင် ဝန်အားလျှော့ချရခြင်းများအပေါ် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လိုအပ် လျက်ရှိသော လျှပ်စစ်ဓာတ်အားကို အမြန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးစားလျက်ရှိ သည့်အပြင် နေအား၊ ရေအားအပါအဝင် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အားပိုမို ထုတ်လုပ်နိုင်ရေး စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

                                                                                                               

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန