#LocalNews

Published - 2 Jan 2022

 


၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ ၂၀၂၁ ဒီဇင်ဘာလ ၃၁ နေ့အထိ နိုင်ငံရေးဖြစ်စဥ်တွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီဝင် အရေအတွက်စုစုပေါင်းမှာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌများဖြစ်ကြသော ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် (၆၄၉) ဦးရှိတယ်လို့ NLDပါတီက ယင်းရဲ့ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာကတစ်ဆင့် ထုတ်ပြန်လိုက်ပါတယ်။

 

ဖမ်းဆီးခံရသူများအနက် ပြန်လည်လွတ်မြောက်လာပြီးသူမှာ (၁၄၆) ဦးရှိကာ ထိန်းသိမ်းခံထားရစဉ်ကာလအတွင်း (၁၄) ဦးကျဆုံးခဲ့ရကာ (၄၈၉) ဦးမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်ကာ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးကာလတွင်ဖြစ်စေ၊ အကျဉ်းကျနေစဉ်ကာလတွင်ဖြစ်စေ၊ ပြန်လည်လွတ်မြောက်ပြီး မကြာမီကာလတွင်ဖြစ်စေကွယ်လွန်ခဲ့သူ (၁၄) ဦးမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်(ခ) ဦးအေးကြူ တို့အပါအဝင် ဦးခင်မောင်လတ် (ပန်းဘဲတန်း)၊ ဦးဇော်မြတ်လင်း (ရွှေပြည်သာ)၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို (ဇမ္ဗူသီရိ)၊ ဦးစိုးစံ(ဝမ်းတွင်း)၊ ဦးအေးလှ(ကျောက်တံခါး)၊ ဦးညွန့်ရွှေ(ပဲခူး)၊ ဦးဖြိုးဝေထွန်း(ချောက်)၊ ဦးဝင်းကြိုင်(လှိုင်သာယာ)၊ ခွန်ဘွားထိုသွေး(ဆီဆိုင်)၊ ဦးကျော်ဆန်းဦး(ပုဗ္ဗသီရိ)၊ ဦးသန်းထွန်းဦး(ခ)မင်းကိုသိန်း(ခ)ဦးဖက်တီး (အောင်မြေသာဇံ)၊ သက်ထွေးမောင်(ခ)မုန်းမာန်(ခ)ဒေါင်းမာန် (ပြည်ကြီးတံခွန်) တို့ ဖြစ်ပါသည်။

 

အဆိုပါ (၁၃) ဦးအနက် ဦးဉာဏ်ဝင်း၊ ဦးအေးလှ၊ ဦးညွန့်ရွှေ၊ ဦးဝင်းကြိုင်၊ ခွန်ဘွားထိုသွေးတို့ (၅) ဦးမှာ ထောင်တွင်းအကျဉ်းကျခံနေရစဉ်ကာလအတွင်း သေဆုံးခဲ့သူများဖြစ်ပြီး ဦးခင်မောင်လတ် ၊ ဦးဇော်မြတ်လင်း ၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို ၊ ဦးစိုးစံ၊ ဦးဖြိုးဝေထွန်း၊ ဦးကျော်ဆန်းဦး၊ ဦးသန်းထွန်းဦး(ခ)မင်းကိုသိန်း(ခ)ဦးဖက်တီး၊ သက်ထွေးမောင်(ခ)မုန်းမာန်(ခ)ဒေါင်းမာန် တို့ဖြစ်ကာ မုံရွာအောင်ရှင်(ခ) ဦးအေးကြူမှာ ပြန်လည်လွတ်မြောက်ပြီး တစ်လအကြာတွင်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ်များလဲပါဝင်ပြီး စုစုပေါင်း (၁၀၁) ဦးဖြစ်ကာ ပြန်လည်လွတ်မြောက်လာပြီးသူမှာ (၈) ဦးရှိပြီး (၉၂) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ထိန်းသိမ်းခံထားရစဉ်အတွင်း ကွယ်လွန်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးရှိတယ်လို့ သိရပါတယ်။

 

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝန်းရံသူတွေရဲ့ နေအိမ်နှင့် အဆောက်အဦများအား ဝင်ရောက်၍ ပစ္စည်းများသိမ်းဆည်းသယ်ယူသွားခြင်း၊ ဖျက်ဆီးမီးရှို့ခဲ့ခြင်းများအပြင် နေအိမ်များကို ချိတ်ပိတ်မှုများရှိခဲ့ကာ ရရှိသောစာရင်းများအရ ချိတ်ပိတ်ခံရသူ စုစုပေါင်း (၇၇) ဦးရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြရေးသားထားပါတယ်။

#Yangon_Media_Group