#LocalNews

Published - 2 Jan 2022

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ လှိုင်သာယာရပ်ကွက်ရှိ ကျောက်ဂူဘုန်းကြီးကျောင်းတွင် ဒီကနေ့ ဇန်နဝါရီ ၂ ရက်၊ နံနက် ၁၁ နာရီ မိနစ် ၂၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါမီးလောင်မှုကို ကလေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ၊ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ပြီး မီးလောင်မှုအကြောင်းအရင်းအသေးစိတ်ကိုတော့ မီးသတ်တပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

 

အလားတူ ဒီကနေ့ ဇန်နဝါရီ ၂ ရက်၊ နံနက်အစောပိုင်း (၁ နာရီ၊ မိနစ် ၄၀)အချိန်ခန့်တွင် ရခိုင်ပြည်နယ်၊မောင်းတောခရိုင်၊ မောင်းတောမြို့နယ်၊ လသာရပ်ကွက်၊ လသာအောက်ရွာတွင် မီးလောင်မှုဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

 

အဆိုပါမီးလောင်မှုကို မောင်းတောခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မောင်တောမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၂ နာရီ၊ ၃၀ မိနစ်)အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းအသေးစိတ်ကိုလည်း မီးသတ်တပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

 

Photo - MFSD

#Yangon_Media_Group