#LocalNews

Published - 2 Jan 2022

 

အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေနဲ့ အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းမပြုကြဖို့ ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်လိုက်ပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်)နှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ အသွားအလာကန့်သတ်၍ သီးသန့်ခွဲခြားထားရှိရာနေရာ(Quarantine Center)များ၊ ကုသရေးစင်တာ (Treatment Center)များနှင့် ‌အောက်စီဂျင် အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ခြင်း၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြင့်တင်ဆောင်ရွက်လျက်ရှိနေတာဖြစ်တယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

 

ထို့ကြောင့် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးနှင့်ပတ်သက်၍ မိဘပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကြဖို့နဲ့ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားတာပါ။

 

ဒါ့အပြင် အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကိုသတိပြု၍ ဆောင်ရွက်ကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

 

အဆိုပါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်)ရောဂါပိုးဟာ ကမ္ဘာ့ဒေသအသီးသီးရှိ နိုင်ငံ/ဒေသပေါင်း(၁၃၀)ခုအထိ ကျယ်ပြန့်စွာပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပြီး ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ ဩစတြေးလျ၊ အရှေ့တောင်အာရှအပါအဝင် အာရှဒေသနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိကာ ယမန်နေ့ ဇန်နဝါရီ ၁ ရက် ၊ ညနေပိုင်းအချိန်အထိရရှိထားသော နောက်ဆုံးကိန်းဂဏန်းများအရ အတည်ပြုလူနာစုစုပေါင်း(၃၉၈,၅၆၀)ဦးရှိ၍ သေဆုံးသူ(၈၂)ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ထို့အပြင် မြန်မာနိုင်ငံမှာလည်း ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသည့်လူနာများတွင် မျိုးရိုးဗီဇပြောင်းရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးမှုများအရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ (Relief Flight)ဖြင့် ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား(၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်)ရောဂါပိုးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - Myanmar CDC(Page)

#Yangon_Media_Group