#LocalNews

Published - 2 Jan 2022

 

လူနာတင်ယာဥ်လှူဒါန်းပေးမည် စပေါ်ငွေကြိုလွဲပါဆိုပြီး နယ်မြို့များရှိ ပရဟိအသင်းများသို့ ဖုန်းဖြင့်ဆက်သွယ်ကာ ငွေကြေးလိမ်လည်မှုပုံစံမျိုးတွေရှိနေတယ်လို့ လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရပါတယ်။

 

အဆိုပါလိမ်လည်သည့်အဖွဲ့ဟာ နယ်မြို့များရှိ ပရဟိတလူမှုကူညီရေးအသင်းများကို အဓိကပစ်မှတ်ထားပြီး လိမ်လည်နေခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

"ရန်ကုန်က လူတစ်ယောက် ဖုန်းဆက်လာတယ်။သူတို့အဖွဲ့အစည်းက သူဌေးတွေနဲ့ဖွဲ့ထားတဲ့အဖွဲ့အစည်းတစ်ခုလို့ ပြောပါတယ်။ လုပ်ငန်းရှင်တွေက စုစည်းကျောထောက်နောက်ခံပေးထားတယ်လို့ ဆိုတယ်။စားရေးရိက္ခာနဲ့ ကိုဗစ်အထောက်အပံ့ပစ္စည်းတွေကို လှူတာလို့လဲပြောတယ်။ သူတို့အဖွဲ့အစည်းအနေနဲ့ ပရဟိတအသင်းတွေကို စာရင်းလိုက်ကောက်ထားတာမို့ အမှန်တကယ် လူနာတင်ယာဥ်လိုအပ်တဲ့အသင်းများကို ပေးလှူမှာဖြစ်တယ်။ ကားကတော့ အာရာဖတ်ကို လူနာတင်ယာဉ်ပတ်ကား ဆင်ထားတဲ့အကြောင်း၊ နှလုံးနိုးစက်ပါတဲ့အကြောင်း၊ အလှူခံချင်တယ်ဆိုရင် မှတ်ပုံတင်မိတ္တူ၊အိမ်ထောင်စုမိတ္တူနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက် လုပ်ပေးရမယ်တဲ့။

 

သူတို့ မူအရ ကားကိုသုံးရက်အတွင်း အရောက်လာပို့ပေးမယ်။ ကားနဲ့ပတ်သက်တဲ့ အုံနာဘုတ်ကိုတော့ လောလောဆယ်မအပ်သေးဘူး။ သုံးလအတွင်းဒီကားကိုအသုံးပြုမပြုကို စောင့်ကြည့်ပြီးမှအပ်မယ်လို့ ဆိုတယ်။ တမျိုးကြီးဘဲ။ဒါပေမဲ့ စပေါ်ငွေငါးသိန်းတော့ တင်ထားရမတဲ့။

 

သုံးလပြည့်လို့ အုံနာဘုတ်အပ်တဲ့အခါ စပေါ်ငွေပြန်ပေးမှာလို့ ဆိုတယ်။ ဟုတ်ကဲ့ပါ။ ကျွန်တော့်ဖက်က အချိန်နဲနဲပေးပါလို့ ပြောပြီးဖုန်းချလိုက်ပါတယ်။" လို့ ပရဟိတသမားတစ်ဦးဖြစ်သူ ကိုတင်မောင်သိန်းက ၄င်းကြုံ တွေ့ခဲရသည်များကို လူမှုကွန်ရက်ပေါ်မှာ အခုလို စာရေးသားကာ ပြန်လည်မျှဝေထားခဲ့တာပါ။

 

အဆိုပါ ငွေကြေးလိမ်လည်သည့်အဖွဲ့ဟာ အခုလိုပုံစံမျိုးဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းက ပရဟိတအဖွဲ့များထံသို့ ဆက်သွယ်မှုတော်တော်များကို ပြုလုပ်ခဲ့တယ်လို့လည်း ၄င်းက ဆိုပါတယ်။

 

"သူတို့အဖွဲ့က မြန်မာပြည်ထဲက မြို့သုံးမြို့ကို လူနာတင်ယာဥ်လှူပြီးပြီ တချို့အသင်းတွေကျတော့လည်း ရှစ်မြို့ကိုလှူပြီးပြီလို့ပြောတာဗျ။ လိုင်စင်နံပတ်နဲ့ လှူမဲ့ကားတန်ဖိုးက သိန်းရာဂဏန်းလောက်ရှိတယ်။စပေါ်ငွေငါးသိန်းက မနည်းလွန်းဘူးလားဆိုတော့ သူတို့ရဲ့ မူဝါဒတွေကိုပြောတယ်။ သူတို့က စကားပြောကယဥ်ကျေးတယ်။သူတို့ရုံးက မြန်မာပလာဇာ ငါးလွှာမှာရှိတယ်။ ဝန်ထမ်း ၂၆ ယောက်ရှိဆိုပဲ။ပြောရရင် သူကနာမည်တစ်ခုနဲ့
ဖုန်းနံပတ်တစ်ခုပေးပြီး အချက်အလက်တွေတောင်းတယ်။ ပြီးတော့ စပေါ်ငွေငါးသိန်း ဘဏ်ကနေသွင်းပေးရမတဲ့။လွဲပြီးမှ ဖုန်းကဒ်ဖြုတ်ပြီးငြိမ့်နေရင် ပလုံစွပ်ပဲလေ။" လို့ ၄င်းက ရေးသားဖော်ပြခဲ့တာပါ။

 

ဒါ့ကြောင့်မို့ ပရဟိတလူမှုကူညီရေးအသင်းတွေအနေနဲ့ ယခုလိုဖြစ်စဥ်မျိုးတွေကို သတိထားဖို့လိုအပ်ကြောင်း ပရဟိတအဖွဲ့တွေအချင်းချင်း အသိပေးမှုတွေကိုလည်း ပြုလုပ်ထားရတယ်လို့ ဆိုပါတယ်။

 

"ကျွန်‌တော်တို့အသင်းကတော့ ဆက်သွယ်ခံရတဲ့အထဲမှာ မပါသေးဘူး။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးတွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ အသင်းတွေအားလုံးအနေနဲ့ သတိထားဖို့လိုပါတယ်။ကျွန်‌တော်တို့ ဒီစာကို ဖေ့ဘုတ်ပေါ်တင်ရတာကလည်း အားလုံးသတိထားနိုင်အောင် ဂရုပြုနိုင်အောင်လို့ပါ။"လို့ မော်လမြိုင်မြိုအခြေစိုက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။

 

ဓါတ်ပုံ - ဘိုဘိုဝင်း(rescue)

#Yangon_Media_Group