#LocalNews

Published - 2 Jan 2022

 

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တစ်ဝိုက် တွင် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသမှပြည်သူများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ယခုအခါ စစ်ဘေးရှောင်အချို့ နေရပ်ပြန်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 


ဒီဇင်ဘာ ၂၈ ရက်မှစကာ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာစကားများဖြင့် ပြန်လည်ဖိတ်ခေါ်ခြင်း၊ ထိုင်း- မြန်မာ နယ်ခြားကော်မတီများမှ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

ထွက်ပြေးတိမ်းရှောင်နေသူများအနက်မှ ဇန်နဝါရီလ ၁ ရက်နေ့တွင် အမျိုးသား ၆၃၆ ဦး၊ အမျိုးသမီး ၈၄၈ ဦး၊ စုစုပေါင်း ၁,၄၈၄ ဦးသည် ထပ်မံ ပြန်လည်ဝင်ရောက်လာခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ ယနေ့အထိ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော်သလေးနှင့် မေတ္တာလင်းမြိုင်ကျေးရွာတို့တွင် ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂,၇၁၂ ဦး၊ အမျိုးသမီး ၃,၁၆၀ ဦး၊ စုစုပေါင်း ၅,၈၇၂ ဦးရှိပြီလို့ သိရပါတယ်။

 

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

#Yangon_Media_Group