Published: 28 November 2021

ပူတာအို​ဒေသသို့ ပြည်တွင်း ခရီးသွားအချို့ ပြန်လည်ဝင်​ရောက်​နေကြပြီဖြစ်တယ်လို့ ပူတာအိုမြို့ အ​ခြေစိုက်ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။

လက်ရှိမှာ ပူတာအို​ဒေသကို ကိုဗစ်ကာကွယ်​ဆေးနှစ်ကြိမ်ထိုးပြီးသားသူ​တွေကို ဝင်​​ရောက်လည်ပတ်ခွင့်ပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။

"ခရီးသွားတွေက သွားလာ​နေကြ​တော့ရှိပါတယ်။ကိုဗစ် ကာကွယ်​ဆေးနှစ်ကြိမ်ထိုးပြီးသား လက်မှတ်ပြနိုင်ရင်​တော့ သွားလာခွင့်ရှိပါတယ်။ ဂိတ်​​တွေမှာ​ မှတ်ပုံတင်​စစ်တာ​တော့ ရှိတာပေါ့​နော်၊ အဲ့​လောက်ပါပဲ။သိပ်ခက်ခဲတာ​တွေ​တော့မရှိပါဘူး၊ အခုက ​ရေခဲ​တောင်ရာသီကာလ​ပေါ့၊ဘယ်လို ​ပြောရမလဲ ဒေသမှာပြည်တွင်း ခရီးသွားနဲ့အ​ခြေချတဲ့ ကုမ္ပဏီ​တွေဝန်​ဆောင်မှု​ပေးတဲ့လူ​တွေက​တော့ ခရီးသွားလုပ်ငန်း​တွေကို အခုကာလမှာ ပြန်စ​နေကြပါပြီ၊သွား​လာနေကြပါပြီ။"လို့ ပူတာအိုမြို့ အ​ခြေစိုက် ခရီးသွားဝန်​ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ​ပြောပါတယ်။

လတ်တ​လောကာမှာ ပူတာအို​ဒေသသို့ ပြည်တွင်းခရီးသွားများ ပြန်လည်ဝင်​ရောက်မှု​တွေ ရှိ​နေ​သော်လည်းခရီးသွားဝင်​ရောက်မှုနှုန်းက​တော့နည်းပါး​နေ​သေးတယ်လို့ ၄င်းက ဆိုပါတယ်။

 "ခရီးသွား​​တွေရှိမှ ပူတာအို​ဒေသက လူတွေကဝင်​ငွေရှိတာ​​လေ။ ​ပြောရရင် ပူတာအို​ဒေသက ခရီးသွား​တွေကိုသာ အဓိကမှီခိုအားထား​နေရတဲ့ ​ဒေသ​ပေါ့။ ​ဒေသထွက်ပစ္စည်း​​လေးတွေ ​ရောင်းမှဝင်​ငွေရှိတာ​ပေါ့။ ခရီးသွားလုပ်ငန်းက ရတဲ့ဝင်​ငွေ​ပဲ​ရှိတာလေ၊ အခြားဝင်​ငွေကဘာမှမရှိဘူး​​လေ။ အဲ့​ဒါကြောင့် ကိုဗစ်အ​ခြေအ​နေနဲ့ နိုင်ငံ​ရေး အ​ခြေအ​နေ​​တွေကောင်းလာရင်​တော့ ခရီးသွားလုပ်ငန်း​တွေ ကိုအမြန်ဆုံး​တော့ ပြန်ဖွင့်​စေချင်ပါတယ်။" သူက ဆက်လက်​ပြောပြခဲ့ပါတယ်။

 ပူတာအို​ဒေသဟာ ​ရေခဲ​တောင်တန်း​တွေ​​ကြောင့် ထင်ရှား​ကျော်ကြားပြီးပြည်တွင်း၊ပြည်ပ ခရီးသွား​တွေ အပါအဝင် ​ရေခဲ​တောင်တက်သမားတွေအများဆုံးလာ​ရောက် လည်ပတ်ကြတဲ့ ​ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ "​ပြောရရင် ပူတာအိုမှာက သဘာဝအလှ​တွေ လုံးဝမပျက်​သေးဘူး​လေ။ သ​ဘာဝအလှအပ အကုန်ရှိပါတယ်။ ပူတာအိုမှာက လည်စရာ​တွေများတယ်၊ ​

ကျောက်နဂါးတို့ တကယ့် ရင်သပ်ရှု​မောဖွယ် အလှ​တွေ နတ်ကျွန်းတို့ ​ကောင်းမှုလုံဘုရားဆု​တောင်းပြည့်ဘုရားတို့ ​​နောက် ရေခဲ​တောင်ကျ​တော့ မြန်မာနိုင်ငံမှာ တည်ရှိ​နေတဲ့ သဘာဝအလှတရားတစ်ခု​ပေါ့။ ​​ပြောရရင်ခရီးသွားတွေက ​ရေခဲ​တောင်​တွေဘက်ကို အဓိကထားပြီးသွားကြတာများပါတယ်။"လို့ ပူတာအိုမြို့ ခရီးသွားဝန်​ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက  ​ပြောပြခဲ့ပါတယ်။

Photo Credit - ဆန်လုရမ်ဆိန်း