Published: 27 November 2021

ဇူလိုင်လကိုဗစ်ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားတဲ့ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး တရားဝင်ပြန်လည်စတင်နေပြီ ဖြစ်တယ်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သတင်းထုတ်ပြန်ပါတယ်။

တရုတ်-မြန်မာ ဝမ်တိန်နယ်စပ် မံမန်လမ်းကြောင်းကနေ ပို့ကုန်သွင်းကုန်ပစ္စည်းတွေကို နိဝင်ဘာ ၂၆ရက်နေ့မှာ တရားဝင် ပြန်လည်ဖြတ်သန်းနေပြီဖြစ်တဲ့အတွက် ဒါဟာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ တရားဝင်ပြန်စတဲ့သဘောပဲဖြစ်တယ်လို့ တရုတ်သံရုံးကပြောပါတယ်။

ကပ်ရောဂါကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်လုပ်ငန်း လည်ပတ်မှုရပ်ဆိုင်းနေရတဲ့ ကာလအတွင်းမှာ နှစ်နိုင်ငံ ကပ်ရောဂါဘေးတိုက်ဖျက်ရေးနှင့် နယ်စပ်ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေးပိုမိုအားကောင်းဖို့ မြန်မာနိုင်ငံက တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးနှစ်ရုံးတို့က လုပ်ငန်းများစွာဆောင်ရွက်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်ထဲမှာ‌ ဖော်ပြထားပါတယ်။

အဲသလိုဆောင်ရွက်ရာမှာ ကပ်ရောဂါကာကွယ်ရေးဂိတ်ပေါက်တွေကို ရှေ့ကိုတိုးရွှေ့ခြင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ ကာကွယ်ဆေးတစ်သန်းလှူဒါန်းခဲ့တာ၊မူဆယ်မှာ ကိုဗစ်ကုသရေးစင်တာကူညီတည်ဆောက်ပေးတာဦ ကွန်တိန်နာ၊ဝန်ချီစက်ဖြင့် မထိတွေ့ရတဲ့ သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေနှင့် ကုန်ပစ္စည်းတွေ နယ်စပ်ဖြတ်ကျော် ဂိတ်ပေါက်ဖြတ်သန်းနိုင်ဖို့ ဆောင်ရွက်တာတွေကို ကနဦီးအကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ တရုတ်သံရုံးကပြောပါတယ်။

အဲဒီအပြင် ယူနန်ပြည်နယ်ဟာ သက်ဆိုင်ရာ နယ်စပ်ဂိတ်တွေမှာရှိတဲ့ ဂိတ်ဖြတ်သန်းရေးဆိုင်ရာ စက်ပစ္စည်းတွေနှင့် အသုံးအဆောင်တွေကို အဆင့်မြှင့်တင်နေတယ်လို့သိရပါတယ်။

ထိုသို့ဆောင်ရွက်နေတဲ့အတွက် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရာမှာ ဘေးကင်းပြီး စနစ်တကျဖြစ်လာတဲ့ အနေအထား ရောက်တဲ့အခါ နယ်စပ်ဂိတ်တွေရဲ့ စွမ်းဆောင်မှုတွေကို ပြန်လည်စတင်ပြီး နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး အမြန်ဆုံးပုံမှန်ဖြစ်ဖို့ တရုတ်ဘက်က ကြိုးစားဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။