Published: 26 November 2021

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေကျပ်သိန်း ၁၀၉၂ သိန်းအား ယနေ့  နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းက  လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

 ဘဏ်ကို  အမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက်ခဲ့ပြီး ဘဏ်ဝန်ထမ်းများကို သေနတ်ပြခြိမ်းခြောက်ကာ ငွေများ လုယက်သွားတာဖြစ်ပါတယ်။

 ဖြစ်စဉ်မှာ မြန်မာ့ရှေ့ဆောင်”ဘဏ်ကို အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးနဲ့ ရောက်ရှိလာပြီး ဘဏ်ရှေ့ရှိ လုံခြုံရေးဝန်ထမ်း ၂ ဦးအနက် တစ်ဦးကို သေနတ်အတို (စိစစ်ဆဲ)နဲ့ ထောက်ကာဓားစာခံအဖြစ် ဘဏ်အတွင်း ခြိမ်းခြောက်ခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် ကျန်အမျိုးသားတစ်ဦးက ဓားကိုင်ကာ ဘဏ်အတွင်း အနောက်မှလိုက်ပါဝင်ရောက်လာပြီး ၎င်းလက်အတွင်းမှ အသင့်ယူဆောင်လာတဲ့ ဆာလာအိတ်တစ်လုံးကို ဘဏ်ဝန်ထမ်းအမျိုးသမီး တစ်ဦးထံပေးပြီး ငွေထည့်ခိုင်းတဲ့အတွက်  ဘဏ်ဝန်ထမ်းအမျိုးသမီးမှ ဘဏ်ကောင်တာအတွင်း ထားရှိတဲ့ ငွေကျပ်သိန်း ၁၀၉၂ သိန်းအား ဆာလာအိတ်အတွင်း ထည့်ပေးခဲ့ရတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရပါတယ်။

 ပြီးနောက် အဆိုပါအမျိုးသား ၂ ဦးဟာ ငွေများထည့်ထားတဲ့ ဆာလာအိတ်ကို ယူဆောင်ကာ ဘဏ်အတွင်းမှထွက်လာပြီး ဆိုင်ကယ်နဲ့ ပျော်ဘွယ်မြို့ဘက်ကို ထွက်ခွာသွားခဲ့တယ်လို့ သတင်းထဲမှာ ထုတ်ပြန်ထားပါတယ်။