Published: 26 November 2021

ဒီက​နေ့ နံနက်အ​စောပိုင်းအချိန်က အင်အား ၆.၁ အဆင့်ရှိ မြေငလျင်လှုပ်ရှားမှုကြောင့် ဟားခါးမြို့နယ်တွင် ဘုရားကျောင်းတစ်ကျောင်းပျက်စီးးခဲ့ရတယ်လို့ သိရပါတယ်။

ယ​နေ့ နိုဝင်ဘာလ ၂၆ ရက်​နေ့ မြန်မာစံတော်ချိန် ၆ နာရီ ၁၀ မိနစ်​ကျော် အချိန်ခန့်က မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်၊ ဟားခါးမြို့ အနောက်‌မြောက် ၉ မိုင်ခန့်အကွာ ​တောင်တန်းဒေသအောက်အနက် ၂၁ မိုင်မှာ မဂ္ဂနီကျု ၆.၁ အဆင့်ရှိ အားပြင်းငလျင်တစ်ခု လှုပ်ရှားသွားခဲ့တာပါ။

အဆိုပါ ​မြေငလျင်လှုပ်ခတ်ခဲ့မှု​ကြောင့် ဟားခါးမြို့နဲ့ မိုင် ၅၀ခန့် အကွာတွင်တည်ရှိသည့် လုံကြွယ်ကျေးရွာ Believer Church ဘုရားကျောင်းတွင် ပျက်ဆီးမှုရှိခဲ့ပြီး ဘုရားကျောင်း ပလ္လင်ပေါ်တွင် အုပ်နံရံပြုတ်ကျပြီး ထိုင်ခုံနဲ့ပလ္လင်ပေါ် ရှိ ပစ္စည်းတစ်ချို့ ပျက်ဆီးသွားခဲ့တယ်လို့ ​ဒေသခံ​တွေထံမှ သိရပါတယ်။

ဒီက​နေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ်အတွင်း ဖြစ်​ပေါ်ခဲ့သည့် ငလျင်လှုပ်ခတ်မှု​ကြောင့် မြန်မာနိုင်ငံအထက်ပိုင်း ပုဂံအပါအဝင် မြို့အများအပြားတွင် ​မြေတုန်ခါမှုများကို ​ကြုံ​တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သို့​သော်လည်း ပုဂံ​ဒေသမှာ​တော့ ထိခိုက်ပျက်စီးမှု​တွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

"မနက်အ​စောပိုင်းက လှုပ်သွားတာ​ပေါ့၊ ညီမတို့ ပုဂံ​ဒေသဘက်မှာပါ လှုပ်သွားတာ​ပေါ့၊ သူလှုပ်သွားတဲ့ အချိန်က စက္ကန့်ပိုင်း​လောက်ပဲ ကြာတယ်။ နံနက် ၆ နာရီ ၁၆၊ ၁၇ မိနစ်အချိန်​လောက်မှာ​ပေါ့။ ခါရမ်းသွားတာ​တော့ရှိပါတယ်။ ညီမတို့လည်း သိလိုက်ပါတယ်။ ဒါ​ပေမဲ့ ဘုရား၊​စေတီ၊ပုထိုး​တွေ ထိခိုက်ပျက်စီးတာ​တွေ​တော့ ဘာမှမရှိခဲ့ပါဘူး။ ပြောရရင် သူက မိနစ်အကြာကြီး မဟုတ်​တော့ ဘာမှ​တော့ မထိခိုက်ခဲ့ပါဘူး။"လို့ ပုဂံ-​ညောင်ဦး ​ဒေသခံတစ်ဦးက ငလျင်လှုတ်ခတ်မှု ဖြစ်စဥ်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းမ်ကို အခုလို ပြောပြခဲ့ပါတယ်။ 

ဒါ့အပြင် အဆိုပါ ငလျင်လှုပ်ခတ်မှု၏ အရှိန်ကို မြို့​တော်​တော်များများက သိရှိခံစားလိုက်ရတာ လည်း ဖြစ်ပါတယ်။

အလားတူ ဒီက​နေ့ မြန်မာစံတော်ချိန် ၉ နာရီအချိန်ခန့်မှာလည်း မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်၊ ထန်တလန်မြို့အနောက်တောင်ဘက် ၅ မိုင်ကျော်အကွာ တောင်တန်းဒေသအောက်အနက် ၇ မိုင်မှ မဂ္ဂနီကျု ၃.၃ အဆင့်ရှိ ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ရှားသွားခဲ့ပြီး အဆိုပါဒေသအတွင်း မဂ္ဂနီကျု ၄.၅, ၃.၁ အဆင့် နောက်ဆက်တွဲငလျင်ငယ်များ မိနစ်ပိုင်းခြားကာ လှုပ်ရှားခဲ့​ကြောင်း မြန်မာနိုင် ငံ ​မြေငလျင်သတင်းစင်တာက ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက လှုပ်ရှားသွားခဲ့သည့် မဂ္ဂနီကျု ၆.၁ အဆင့်အားပြင်းငလျင်ကြောင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းအချို့ ဒေသများတွင် မြေတုန်ခါမှုများဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံအနောက်ဘက်ပိုင်း ချင်းပြည်နယ် - အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဒေသကြီးတစ်ခုလုံးမှာလည်း သိသာသည့်မြေတုန်ခါမှုများ၊ တုန်ခါလှိုင်းများ ဆက်တိုက်ပျံ့နှံ့ခဲ့တယ်လို့လည်း အဆိုပါ မြေငလျင် သတင်းစင်တာ၏ ထုတ်ပြန်မှုအရ သိရပါတယ်။