၂၈ ဇန်နဝါရီ ၂၀၂၄

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဒေသခံတစ်ဦးကို သတ်မှုဖြင့် AA လက်နက်ကိုင်အဖွဲ့နှင့်ဆက်စပ်သည်ဟုမှတ်ယူထား သည့် မြန်မာနိုင်ငံသား (၄)ဦးကို ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယပြည်တွင်းသတင်းမီဒီယာများက သတင်းရေးသားပါတယ်။

အဆိုပါ (၄)ဦးထဲမှ (၃)ဦးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းဆီးရမိခဲ့ပြီးနောက်  သောကြာနေ့မှာ နောက်တစ်ဦးကို မီဇိုရမ် တောင်ပိုင်း ဆီယာဟာမြို့ပြင်မှာ တွေ့ရှိဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အသတ်ခံရတဲ့ ဆီယာဟာမြို့ဒေသခံ ကေအယ်လ် ဇိုအာရှာသည် အဲဒီမြန်မာတွေကို သူမောင်းနှင်တဲ့ သုံးဘီးယာဉ်ဖြင့် မြန်မာ နယ်စပ်အနီး လောက်လိုင် Lawngtlai မြို့ကို  ဗုဒ္ဓဟူးနေ့က ပို့ဆောင်ပေးခဲ့ခြင်းဖြစ်တယ်လို့ ရဲကဖြည့်စွက်ပြောပါတယ်။

အဲဒီညမှာ ဇိုအာရှာ အိမ်ပြန်ရောက်မလာလို့ မိသားစုတွေက စိတ်ပူပြီး ဖုန်းဆက်ပေမယ့်  ဇိုအာရှာဖုန်းကပိတ်ထားပါတယ်။

ကြာသပတေးနေ့မနက်မှာတော့ သူ့သုံးဘီးယာဉ်ကို ဆီယာဟာမြို့ပြင်မှာ ပြန်တွေ့ရပြီး အဲဒီနေ့ညနေပိုင်းမှာတော့ သူ့အလောင်းကို လောင်လိုင်းမြို့အနီးမှာရှာတွေ့ခဲ့ပါတယ်လို့ ရဲကပြောပါတယ်။

မီဇိုရမ်ရဲ့ ဦးဆောင် ကျောင်းသားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မီဇိုဇီယာလိုင်းပေါ Mizo Zirlai Pawl (MZP)က အဆိုပြစ်မှု ကျူးလွန်သူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကလာကြသူတွေဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်း Arakan Army (AA) နှင့် ပတ်သက်သူတွေဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ ပြီးတော့ အဲဒီသူတွေဟာ ဒုက္ခသည်တွေမဟုတ်ဘဲ မီဇိုရမ်ကို အလုပ်ကိစ္စနှင့် ရောက်လာခဲ့ကြတာလို့လည်း MZP ကျောင်းသားအဖွဲ့ကဆက်ပြော့ပါတယ်။

@ymg/knl