နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်၂ဝ၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို အပြည့်အစုံပြန်လည်ဖော်ပြပေးအပ်ပါသည်။

 

၂၀၂၃ ခုနှစ်ဆိုတဲ့ အချိန်ကာလကုန်ဆုံးလို့ ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိတဲ့အချိန်အခါသမယမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကမ္ဘာ တစ်ဝန်းလုံးမှာ ရှိကြတဲ့ ကမ္ဘာသူ ကမ္ဘာသားများအားလုံးကိုလည်း ဘေးဘယာများ ဝေးကွာကြပါစေကြောင်းနဲ့ အေးချမ်းသာယာ တဲ့ လူ့ဘောင်  အသိုက် အဝန်းတစ်ခုမှာ ချစ်ခင်စည်းလုံးစွာ နေထိုင်နိုင် ကြပါစေကြောင်းလည်း ဆန္ဒပြုဆုတောင်း ပေးလိုက်ရပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း တွေ့ကြုံ ခဲ့ရတဲ့ အခက်အခဲအချို့ နဲ့ စိန်ခေါ်မှုများကိုလည်း နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီ နည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူတွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်းရှိပါတယ်။ အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှု ဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်။ ဒါတွေသာမရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်  တို့နိုင်ငံဟာ များစွာကို တိုးတက်နေမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သင်ခန်းစာ ပါ ။ ကျွန်တော်တို့အားလုံး နိုင်ငံကိုချစ်တဲ့၊ အမျိုးကို ချစ်တဲ့စိတ်၊ ညီညွတ်တဲ့အားနဲ့ ကျော်လွှားရပါမယ်။ ၂၀၂၄ ခုနှစ်မှာလည်း ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ အမျိုးသားရေး ရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ် များနဲ့ ဦးတည်ချက်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့ ပြည်သူလူထုနဲ့လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် .. စီးပွားရေးပိုမိုကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားပါမယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူ ရေးကိုအခြေခံတဲ့ MSME လုပ်ငန်းများ ယခုထက်ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးသွားပါမယ်။ ပညာရေးကိုလည်း ပိုမိုအားပေး ဆောင်ရွက်သွားပါမယ်။ ဒါကြောင့်ကျွန်တော်တို့ . တိုင်းရင်းသားပြည်သူအားလုံးအနေနဲ့ တည်ငြိမ်အေးချမ်းပြီး မိမိတို့ရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ပြောကြားလိုပါ တယ်။ ကျွန်တော်တို့အစိုးရရဲ့ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”ဆိုသည့် အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူအားလုံးရဲ့အကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝများကို ကြိုးစား တည်ဆောက် ပေးသွားမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံအတွင်း ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းမှရရှိတဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက် အလက်များက ကျွန်တော်တို့နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များမှာ အကျိုးရှိရှိလုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်ကျွန်တော်တို့အစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်တဲ့ မဲစာရင်းများ မှန်ကန် ပြည့်စုံရေးမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေနဲ့လည်း ဆောင်ရွက်မဲ့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရတာ (၇၆)နှစ်ရှိပြီ ဖြစ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ထိုက်သင့်သောတိုးတက်မှု မရသေးပါဘူး။ ကိုယ့်နိုင်ငံကို တိုးတက်သာယာဝပြော စေချင်ရင် (၁)တရားဥပဒေကိုလေးစားလိုက်နာရပါမယ်၊ (၂) စည်းကမ်းရှိရှိနဲ့စည်းစည်းလုံးလုံးနေထိုင်ကြရပါမယ်၊(၃) အနာဂတ်ကို မျှော်တွေးပြီးပညာသင်ကြားသင့်တဲ့အရွယ်မှာ  ပညာသင်ကြားရေးသက်ဆိုင်သူ အားလုံးက ဝိုင်းဝန်း ကြိုးပမ်းပေးရပါမယ်၊ (၄) တတ်နိုင်သူများ၊ အလုပ်လုပ်နိုင် သူများအားလုံး ကုန်ထုတ်လုပ်မှုမြင့်မားရေး ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကြဖို့လိုပါတယ်။ ဘာအလုပ်ပဲ လုပ်ကြလုပ်ကြအင်အား ရှိမှရမှာ ဖြစ်လို့ ပျော်ရွှင်ဖွယ်ရာ မိသားစုများ တည်ဆောက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းထဲမှ ကျွန်တော်တို့ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်း စေမဲ့အရာတွေကို ဆက်လက်သယ်ဆောင်ကြပြီး မကောင်းသော အတွေး မကောင်းသော အမြင်များနဲ့ မကောင်းသော လုပ်ရပ် များကို ချန်ရစ်ခဲ့ကာ လူမျိုးရေး၊ ဘာသာရေး၊ ဒေသအရေးအစွဲများ ကင်းဝေးခြင်းနဲ့အတူ တစ်ဦး အပေါ်တစ်ဦး ကိုယ်ချင်းစာတရား၊ မုဒိတာတရား၊ မေတ္တာတရား များနဲ့ ကျွန်တော်တို့အားလုံး မျှော်လင့်တောင့်တနေတဲ့ နိုင်ငံတော်သစ်ဆီဆက်လက်လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နှစ်သစ်ကူး နှုတ်ခွန်း ဆက်စကား ပြောကြားအပ် ပါတယ်ခင်ဗျာ။