Published 16 November 2023

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ်(၂၄/C)၊ နတ်မောက်ရိပ်သာလမ်း ၊ ဆရာစံရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Saigon Beauty Skin & Luxury Clinic လုပ်ငန်းမှ ဆေးကုသခွင့်လိုင်စင်မရှိဘဲ အလှအပ ဆိုင်ရာခွဲစိပ်မှု များ ပြုလုပ်နေသည့် အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုးမှ တရားလို ပြုလုပ်၍ ဗဟန်းမြို့နယ် ရဲစခန်းတွင် အမှု ဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ဆေးခန်းသည် (၁၄-၁၁-၂၀၂၃) ရက်နေ့တွင် လူမူကွန်ယက်၌ Aesthetic လုပ်ငန်းများဖြစ်သော နှာခေါင်းခွဲစိတ်မှုများ၊ မျက်ရစ်နှင့် နှုတ်ခမ်းခွဲစိတ်ကုသမှုများကို ပြုလုပ်ပေးလျက်ရှိကြောင်း လူမှုကွန်ရက်စာမျက်နှာ၌ ကြော်ငြာထားသည်ကို တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့စစ်ဆေးရာတွင်မြန်မာနိုင်ငံတွင်ဆေးကုသခွင့်လိုင်စင်မရှိသည့်ဗီယမ်နမ်နိုင်ငံသားတစ်ဦး နှင့် မြန်မာနိုင်ငံသားဆရာဝန် တစ်ဦးတို့ပါဝင်သောအဖွဲ့မှ တရားမဝင်ခွဲစိတ်ကုသခြင်း၊ တရားမဝင်ဆေးဝါးများအသုံးပြုခြင်းများ အားတွေ့ရှိရကြောင်းသိရသည်။

အဆိုပါSaigon Beauty Skin & Luxury Clinic လုပ်ငန်းအား မြန်မာနိုင်ငံဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေနှင့် ပုဂ္ဂလိကကျန်းမာ‌ရေးလုပ်ငန်းဆိုင်ရာ ဥပ‌ဒေများဖြင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ တရားလိုပြုလုပ်၍ ဗဟန်းမြို့နယ်ရဲစခန်း တွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group