Published -9 July 2021

#၁။ဒယ်လ်တာကအခြားမျိုးဗီဇပြောင်းတွေထက်ပိုပြီးကူးစက်လွယ်တယ်

ဒယ်လ်တာဆိုတာ B.1.617.2. မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို ခေါ်ဆိုတာပါ။ ယင်းကို အိန္ဒိယမှာစတင်တွေ့ရှိပါတယ်။ ၂၀၂၀ခုနှစ်ဒီဇင်ဘာလမှာ ဒယ်လ်တာပထမဆုံးကူးစက်မှုကိုတွေ့ရှိရပါတယ်။  အဲဒီမျိုးကွဲဗိုင်းရပ်စ်ဟာ အလွန်ပင်ကူးစက်မြန်ပြီး သိပ်မကြာခင်မှာ အိန္ဒိယနှင့်ဗြိတိန်တို့မှာ မင်းမူကြီးစိုးသွားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒယ်လ်တာကို “အမြန်ဆုံးနှင့်အမာဆုံး” လို့ပြောပါ တယ်။ ဇွန်လလယ်မှာ အမေရိကန် စီဒီစီက စိတ်ပူစရာမျိုးဗီဇပြောင်းအဖြစ်သတ်မှတ်လိုက်ပါတယ်။ ဒယ်လ်တာဟာ မူရင်းဗိုင်းရပ်စ်အယ်ဖာထက်၅၀ရာခိုင်နှုန်းပိုပြီးကူးစက်ပါတယ်။ တစ်ယောက်မှ maskတပ်မထား၊တစ်ယောက်မှကာကွယ်ဆေးထိုးမထားတဲ့ ပတ်ဝန်းကျင်မှာ မူရင်းကိုရိုနာဗိုင်းရပ်စ်ဟာ လူတစ်ယောက်ကနေ လူ၂.၅ဦးကူးနိုင်ပါတယ်။ဒယ်လ်တာကတော့ လူတစ်ဦးကနေ ၃.၅ဦး သို့မဟုတ် ၄ဦးကို ကူးစက်နိုင်ပါတယ်။ သင်္ချာသဘောအရ ဆပွားကိန်းအနေနှင့်ဆိုရင် ပိုပြီးခပ်များများခပ်မြန်မြန်ကူးစက် သွားတာဖြစ်ပါတယ်။

#၂။ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေအန္တရာယ်ရှိတယ်

ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေဟာ ပိုပြီးအန္တရာယ်ရှိပါတယ်။ ကလေးငယ်တွေနှင့်ငယ်ရွယ်သူတွေ အတွက်လည်းစိုးရိမ်ရပါတယ်။ ယူကေရဲ့မကြာသေးခင်ကလေ့လာမှုအရ ဒယ်လ်တာဟာ ကလေးငယ်တွေနှင့် အသက်၅၀ အောက်တွေဟာ အခြားသူတွေထက် ၂.၅ဆပိုပြီးကူးစက်နိုင်ခြေရှိနေပါတယ်။ယခုထက်ထိ အမေရိကန်မှာအသက်၅နှစ်ကနေ ၁၂နှစ်အတွင်းကလေးတွေ ကာကွယ် ဆေး ထိုးခွင့်မပြုသေးပါဘူး။ အသက်ကြီးတဲ့သူတွေဟာကာကွယ်ဆေးထိုးပြီးသားဖြစ်ပြီး ငယ်ရွယ်သူတွေ ကာကွယ်ဆေးမထိုးရသေးတော့ သူတို့ဟာ ကိုဗစ်ဗိုင်းရပ်စ် မျိုးဗီဇကွဲ ဘယ်ဟာကိုမဆို ကူးစက်နိုင်ခြေပိုများပါတယ်။ အထူးသဖြင့် ဒယ်လ်တာဟာ ယခင်မျိုးဗီဇကွဲတွေထက် အသက်ငယ်ရွယ်သူအုပ်စုတွေကိုပိုပြီးကူးစက်နိုင်ခြေရှိနေပုံရပါတယ်။

#၃။ဒယ်လ်တာဟာဒေသအလိုက်အလွန်အမင်းကူးစက်ပျံ့ပွားနိုင်တယ်

အချို့ကိစ္စတွေမှာ ကာကွယ်ဆေးသိပ်မထိုးရသေးတဲ့မြို့တစ်မြို့ကို ကာကွယ်ဆေးအများအပြားထိုးတာတဲ့ မြို့တွေက ဝန်းရံထားတယ်ဆိုရင် ဗိုင်းရပ်စ်ဟာ နယ်စပ်တလျောက်အပြင်မထွက်ဘဲပိတ်မိနေတယ်။ အဲဒါကြောင့် ကာကွယ်ဆေးမထိုးရသေးတဲ့မြို့ဟာ ဒေသတွင်း အလွန်အမင်းကူးစက်ပျံ့ပွားမှုတွေဖြစ်စေနိုင်တယ်လို့ယေးလ် ကူးစက်ရောဂါဆိုင်ရာဆေးဝါးပညာရှင်ဖြစ်တဲ့ ဒေါက်တာဝီလ်ဆင်က ပြောပါတယ်။ အဲဒါကြောင့်ကပ်ရောဂါဟာ အရင်တွေ့တဲ့ပုံစံမျိုးနှင့်မတူတော့ဘူး။နိုင်ငံတစ်ဝန်းမှာ အကြီးအကျယ်ဖြစ်ပွားနေတဲ့ နေရာတွေတကယ်ရှိလာတယ်လို့သူကပြောပါတယ်။ကာကွယ်ဆေးအများကြီးထိုးထားတာ ဒါမှမဟုတ် ဒယ်လ်တာကိုအောင်နိုင်ဖို့ ကာကွယ်ဆေးထိုးနှုန်းနှင့် မျိုးဗီဇကွဲပြန့်ပွားနှုန်းတို့ရဲ့ပြိုင်ပွဲတစ်ခုဖြစ်လိမ့်မယ်။ အကယ်၍ လူတွေအများကြီးဟာ နေရာတစ်ခုခုတည်းမှာ တစ်ကြိမ်တည်းကူးစက်ခံရရင် ဒေသရဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာ မနိုင်မနင်းဖြစ်ပြီး လူတွေပိုပြီးသေဆုံးကြရမှာပဲဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုး အမေရိကန်မှာဖြစ်နိုင်ခြေနည်းပေမယ့် အခြားနိုင်ငံတွေမှာတော့ အများကြီးစိတ်ပူစရာဖြစ်တယ်လို့ ဒေါက်တာကပြောပါတယ်။

#၄။ဒယ်လ်တာနှင့်ပတ်သက်ပြီးအများကြီးထပ်လေ့လာဖို့လိုသေးတယ်

ဒယ်လ်တာစာ အခြားဗိုင်းရပ်စ်တွေထက် ပိုပြီးမကျန်းမမာဖြစ်သလားဆိုတာ အရေးကြီးတဲ့မေးခွန်းကိုဖြေရရင် ဗြိတိန်နိုင်ငံက ဆေးရုံတက်ရတဲ့အခြေအနေကို ခြေရာခံလိုက်ကြည့်တဲ့အခါ အနည်းငယ်ပိုပြီးရောဂါဖြစ်စေတယ် ဆိုတာတွေ့ရပါတယ်လို့ဒေါက်တာဝီလ်ဆင်ကပြောပါတယ်။စကော့တလန်ကလေ့လာမှုအရ ဒယ်လ်တာဟာ မူရင်းဗိုင်းရပ်စ်အယ်ဖာထက် ကာကွယ်ဆေး  မထိုးရသေးတဲ့ သူတွေအတွက် ဆေးရုံတက်ရနိုင်ခြေ နှစ်ဆပိုတယ်လို့ သိရပါတယ်။ နောက်မေးခွန်းတစ်ခုက ဒယ်လ်တာဟာ ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာပါပဲ။ မူရင်းဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာနှင့်တော့ ကွဲပြားခြားနားမှုရှိတယ်လို့ အစီရင်ခံစာတွေကဆိုပါတယ်။ “ဒယ်လ်တာမှာ ချောင်းဆိုးတာနှင့်အနံ့ပျောက်တာသိပ်မတွေ့ရဘူး။ ခေါင်းကိုက်တာ၊လည်ချောင်းနာတာ၊ နှာရည်ယို တာနှင့် အဖျားရှိတာတွေကို လက်ရှိယူကေရဲ့လေ့လာချက်တွေမှာ အများဆုံးတွေ့ရှိရတယ်လို့ ယေးရဲ့ ကလေးနှင့်ဆိုင်သောကူးစက်ရောဂါဆိုင်ရာပညာရှင် ဒေါက်တာရီဒင်ယင်းကပြောပါတယ်။

ဒယ်လ်တာဟာ ကာကွယ်ဆေးထိုးပြီးသားလူတွေကိုကူးစက်နိုင်သလားဆိုတာ ယေဘုယျအားဖြင့်တော့ သိပ်နည်းပါတယ်။အင်္ဂလန်ရဲ့ပြည်သူ့ကျန်းမာရေးဌာနရဲ့လေ့လာဆန်းစစ်မှုအရ ဒယ်လ်တာအပေါ် ကာကွယ်ဆေးအနည်းဆုံးနှစ်မျိုးကတော့ အာနိသင်ရှိနေကြောင်းတွေ့ရပါတယ်။ ဖိုက်ဇာကာကွယ်ဆေးက ဒယ်လ်တာနှင့်ပတ်သက်ရင် လက္ခဏာပြတဲ့ရောဂါဖြစ်ပွားနိုင်မှုအပေါ် ၈၈ရာခိုင်နှုန်းကာကွယ် ပေးနိုင်ပြီး ဆေးရုံတက်နိုင်ခြေအပေါ် ၉၆ရာခိုင်နှုန်းကာကွယ်ပေးပါတယ်။ အောက်စဖို့-အက်စထရာဇင်နီကာက  ရောဂါဖြစ်နိင်ခြေကို ၆၀ရာခိုင်နှုန်းကာကွယ်ပေးပြီး ဆေးရုံတက်နိုင်ခြေကို ၉၃ရာခိုင်နှုန်းကာကွယ်ပေးကြောင်းတွေ့ရှိရပါတယ်။ ဒီသုတေသနကို ကာကွယ်ဆေးအပြည့်အဝထိုးထားပြီး သူတွေနှင့်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒါကြောင့် ကာကွယ်ဆေးထိုးပြီးသူတွေဟာ မထိုးရသေး သူတွေထက် အန္တရာယ်ကသိသိသာသာကြီးနည်းပါး တယ်လို့ပြောနိုင်ပါတယ်လို့ ဒေါက်တာရီဒင်ယင်းကပြောပါတယ်။

အခုဆိုဒယ်တာကနေထပ်ခွဲထွက်လာတဲ့ ဒယ်လ်တာပလပ်စ်ဆိုတာရှိလာပြန်ပါတယ်။အမေရိကန်၊ဗြိတိန်နှင့် အချို့သောနိုင်ငံတွေမှာတွေ့ရှိရတာပါ။ဒယ်တာမှာ သူက နောက်ထပ်သန္ဓေပြောင်း အသစ်တစ်ခုထပ်ပေါင်းထား  တာပါ။ဒယ်လ်တာပလပ်စ်ကို အိန္ဒိယမှာလည်းတွေ့နေရပါတဘ်။ ဒီလိုသန္ဓေပြောင်းအသစ်ကို ဘီတာနှင့် အရင်မျိုးဗီဇပြောင်းတွေမှာလည်း အလားတူတွေ့ရတာပါ။ ရောဂါဖြစ်ပွား နိုင်တာနှင့်ဘယ်လိုရလာဒ်ထွက် မလဲဆိုတာကိုတော့ မျိုးဗီဇပြောင်းအသစ်တွေနှင့်ပတ်သက်လို့ အချက်အလက်တွေအများကြီးလိုနေသေးပြီး  ဆက်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

#၅။ဒယ်လ်တာကိုအကောင်းဆုံးကာကွယ်ဖို့ကကာကွယ်ဆေးထိုးခြင်းပဲဖြစ်တယ်

ဒယ်လ်တာကနေကိုယ့်ကိုကိုယ်ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ကာကွယ်ဆေးကိုအပြည့်ထိုးခြင်းပဲဖြစ်ပါတယ်လို့ဆရာဝန်တွေကပြောကြပါတယ်။ “ကိုယ်ကကာကွယ်ဆေးထိုးထားပြီးပြီ။ ရာသီဥတုကလေးကသာယာတော့ အပြင်ထွက်မယ်။လူစုလူဝေးတွေနှင့် တွေ့မယ်။အဲဒီသူတွေက ကာကွယ်ဆေးထိုးမထားရသေးသူတွေဖြစ်ဖို့များရင် mask တပ်ပါ၊ခပ်ခွာခွာနေပါ။ ကိုယ်က ကာကွယ်ဆေး မထိုးရသေးဘူး။ထိုးလို့ရနိုင်မယ့်သူလည်းဖြစ်နေရင် အကောင်းဆုံးလုပ်နိုင်တာက ကာကွယ်ဆေးထိုးလိုက်ပါ” လို့ ဒေါက်တာရီဒင်ယင်းကပြောပါတယ်။ ဒေသမှာကူးစက်မှုတွေများလာရင် ကာကွယ်ဆေးထိုးနှုန်းကိုမြှင့်လိုက်ဖို့ ဒေါက်တာကဆက်ပြောပါတယ်။

 Source: Yale Medicine မှာ ဇူလိုင်၉ရက်ဒီကနေ့မှာဖော်ပြခဲ့တဲ့ ပညာပေးဆောင်းပါးကို ကောက်နှုတ်ဘာသာပြန်ဖော်ပြထားတာဖြစ်ပါတယ်။