Published_ 9 September 2023

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွက် ဦးစားပေးဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များရှိနေ၍ ၂၀၂၆ ခုနှစ် အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းလိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် လိုက်သည်။

အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ်(၃၁)အရ အာဆီယံဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံများ၏ အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအမည် အက္ခရာစဉ်အလိုက် အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်အလှည့်ကျ တာဝန်ယူ ထမ်းဆောင်ရမည်ဟု ဖော် ပြထားသောကြောင့်အဆိုပါ မူအရ မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ် တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ကို ရယူဆောင်ရွက်ရ မည်ဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အလှည့်ကျဥက္ကဋ္ဌတာဝန်ရယူရန်အတွက် အချိန် အနည်းဆုံး(၂)နှစ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရကြောင်း၊ လက်ရှိအချိန် တွင် ရှေ့လုပ်ငန်း စဉ်(၅) ရပ်နှင့်အညီ ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို တည် ဆောက်နေသည့် ကာလဖြစ် သဖြင့်အထက်ပါအတိုင်း လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လွှဲပြောင်းရန် ဖိလစ်ပိုင် နိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူရန် အဆင် ပြေမှု ရှိ-မရှိကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထံသို့ မြန်မာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စာပေးပို့၍ သဘောထားမေးမြန်းခဲ့ရာ ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူရန်အဆင်ပြေကြောင်းနှင့် လက်ရှိ အာ ဆီယံဥက္ကဋ္ဌနှင့် ကျန်အဖွဲ့ဝင်များကို အသိပေးပြောကြားသွားမည် ဖြစ်ကြောင်း တရားဝင် အကြောင်းပြန် ကြားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

သဘောထားမေးမြန်းသည့် ကိစ္စကို မြန်မာက ၂ဝ၂၃ ခုနှစ်၏ အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ သို့လည်း အသိပေးထားခဲ့ကြောင်း ၊ ယခုအခါ ဖိလစ်ပိုင်နိုင်ငံကို သဘောထားမေးမြန်း ညှိနှိုင်းမှုပြုလုပ် ခဲ့ပြီး အခြား အဖွဲ့ဝင်နိုင်ငံများသို့ ချပြအသိပေးခြင်း သဘောတူညီမှုရှိခြင်းများဖြင့် လွှဲပြောင်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးထံလိပ်မူ၍ ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံဥက္ကဋ္ဌ တာဝန်ကို ၂၀၂၇ ခုနှစ် အစား ၂၀၂၆ ခုနှစ်တွင် တာဝန်ထမ်းဆောင် မည် ဖြစ်ကြောင်း၊ အာဆီယံ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုရရှိမည်ဟု မျှော်လင့်ပါကြောင်း စာပေးပို့ ခဲ့ကြောင်းလည်း သိရသည်။

(၄၃)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအပြီး တူညီဆန္ဒ(၅)ချက်အကောင် အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်၏ စာပိုဒ်(၁၅)တွင် “၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံမှ တာဝန်ယူရန် ဆုံးဖြတ် ခဲ့ကြပြီး၊ အခြားဆုံးဖြတ်ချက်တစ်ရပ် မထွက်ပေါ်မီအချိန်အထိ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌဇယားကို အက္ခရာ စဉ်အတိုင်း ဆက်လက် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်” ဟုဖော်ပြပါရှိသည်ကို တွေ့ရှိရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အချို့သော နိုင်ငံတကာသတင်းမီဒီယာများ၏ ဖော်ပြချက်များ၌လည်း ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန် နှင့်ပတ်သက်၍ ဖော်ပြချက်များသည် ၎င်းတို့လိုလားသည့်ပုံစံများဖြင့် အဓိပ္ပာယ်လွှဲမှားစွာ ဖော်ပြ နေသည် ကို တွေ့ရှိရကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန်ယူမှုနှင့်ပတ်သက်၍ သမိုင်းကြောင်း ပြန်ကြည့်လျှင် အာဆီယံပဋိညာဉ် စာတမ်း စာပိုဒ်(၃၁)အရ အာဆီယံဥက္ကဋ္ဌတာဝန်ကို ၂၀၀၆ ခုနှစ်တွင် တာဝန်ယူရမည်ဖြစ်ကြောင်း၊ သို့သော် လည်း ထို အချိန်က မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ရှေ့ဆက် သွားမည့် လုပ်ငန်းစဉ်(၇)ရပ်နှင့်အညီ ဒီမိုက ရေစီ သို့ ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက် လျက်ရှိသည့်အတွက်လည်းကောင်း၊ အာဆီယံအဖွဲ့၏ ရည်မှန်းချက်များအကောင်အထည်ဖော် ရာတွင် အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်စေရန်အတွက် ရှေးရှု၍ လည်း ကောင်း မြန်မာနိုင်ငံ အနေဖြင့် ၂၀၀၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူမည့် အခွင့်အရေးကို စွန့်လွတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အာဆီယံဥက္ကဋ္ဌတာဝန်ကို ၂၀၁၆ ခုနှစ်တွင် တာဝန်ယူရမည့် အလှည့်ကိုလည်း မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိသည့် အတွက် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မလေးရှား နှင့် လာအိုနိုင်ငံတို့နှင့် ညှိနှိုင်းသဘောတူညီချက် အရ ၂၀၁၄ ခုနှစ်တွင် တာဝန်လွှဲပြောင်းယူခဲ့သည့် သာဓက များရှိကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times