Published 7 Nov 2021

နိုဝင်ဘာ ၆ရက်စနေနေ့က ရာဘာစိုက်ခင်းတစ်ခုထဲမှာတွေ့ရှိတဲ့  စွန့်ပစ်ခံခဲ့ရတဲ့  ရွှေ့ပြောင်းဝင်ရောက်လာသူတွေ၂၃ဦးထဲမှာ မြန်မာနိုင်ငံက အလုပ်လာရှာသူ (၃)ဦးကို သေဆုံးလျက်တွေ့ရှိရတယ်လို့ ဘန်ကောက်ပို့စ်ကရေးသားပါတယ်။ သူတို့ကို သယ်ဆောင်လာတဲ့ ကားက မတော်တဆမှုဖြစ်ပြီးနောက် သူတို့ကို ကမ်ဖန်ဖက်မှာရှိတဲ့ ရာဘာစိုက်ခင်းတစ်ခုထဲ စွန့်ပစ်သွားကြာဖြစ်ပါတယ်။

စနေနေ့မနက်မှာ ဒေသခံတွေအကြောင်းကြားလို့ ရဲတွေနှင့်ဒေသဆိုင်ရာ အာဏာပိုင်တွက နောင်နော့ခ်ကရက်တာကျေးရွာ မို၁၂ မှာရှိတဲ့ စိုက်ခင်းထဲ အပြေးအလွှားရောက်ရှိခဲ့ကြပါတယ်။ သူတို့ရောက်လာတဲ့အခါ အသက်၂၁နှစ်နှင့် အသက်၄၀အကြား ရွှေ့ပြောင်းလာကြသူတစ်အုပ်စုကိုတွေ့ရပါတယ်။ အဲဒီထဲမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က သေဆုံးနေကြပြီး ကျန် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က ဒဏ်ရာတွေရရှိထားကြပါတယ်။ သူတို့တစ်ယောက်ဆီမှာမှ ဝင်ခွင့်စာရွက်စာတမ်းတွေပါမလာကြပါဘူးလို့ ထိုင်းမီဒီယာတွေက ရေးသားပါတယ်။

သူတို့ထဲက မစ္စတာစီဆိုတဲ့သူက ထိုင်းရဲကိုပြောကြားရာမှာ သူတို့ဟာ ၂၃ဦးပါဝင်ပြီး မြန်မာနယ်စပ်ကနေ ထိုင်းနိုင်ငံ တက်ပြည်နယ် မဲဆောက်ခရိုင်ကို ဝင်ရောက်လာကြတာဖြစ်တယ်၊ အလုပ်ရဖို့အတွက် တစ်ဦးကို ဘတ်ငွေ ခုနှစ်ထောင်ကကေန နှစ်သောင်း သုံးထောင်အကြားပေးခဲ့ရတယ်လို့ပြောပါတယ်။

တောင်ဆင်းလမ်းအတိုင်းမောင်းနှင်လာစဉ်မှာ ပစ်ကပ်ကားက သောကြာနေ့ ညမှ တိမ်းမှောက်ခဲ့ပြီး အခုလိုသေဆုံးသူတွေ နှင့် ဒဏ်ရာရသူတွေရှိလာခဲ့တာပါ။ ယာဉ်တိမ်းမှောက်မှုဘယ်မှာဖြစ်တယ်ဆိုတာတောင် မစ္စတာစီက မပြောပြနိုင်ဘဲ ဖြစ်နေပါ တယ်။

မတော်တဆမှုဖြစ်ပြီး သိပ်မကြာ နောက်ထပ်ပစ်ကပ်ကားတစ်စီးကရောက်လာပြီး သူတို့ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ ရာဘာစိုက်ခင်းတွေဆီအရောက်မှာ ယာဉ်မောင်းကရပ်ပြီး သူတို့အားလုံးကို ကားပေါ်ကဆင်းကြဖို့နှင့် သူက အရေးပေါ် လူနာတင်ယာဉ်သွားခေါ်မလို့ဆိုပြီးပြောပါတယ်။

ဒါပေမယ့် လူနာတင်ယာဉ်လည်းရောက်မလာခဲ့ပါဘူး။ သူတို့အနီးအနားက ဖြတ်သန်းသွားကြတဲ့ ဒေသခံတွေက သူတို့ကို မြင်လို့ ရဲကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ(၃)ဦးရဲ့အလောင်းကို ရင်ခွဲစစ်ဆေးဖို့ ပို့လိုက်ပြီး ဒဏ်ရာရသူလေးဦးကို ဒေသဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်လို့ မောင်ကမ်ဖန်ဖက်ရဲဌာနအကြီးအကဲ ရဲမှူးချုပ်ဖီဖက်ချမ်မာနီကွန်ကပြောပါတယ်။ကျန်တဲ့၁၆ဦးကိုတော့  ကိုဗစ်စစ်ဆေးပေးဖို့ တမ်ဘွန်နာဘိုခမ်ကို ခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့က တက်ခရိုင်ထဲမှာ ယာဉ်မတော်တဆမှုဘယ်မှာဖြစ်ခဲ့တယ်ဆိုတာ လိုက်စုံစမ်းပေမယ့် မတော်တဆမှု တစ်ခုမှ သတင်းမရရှိခဲ့ပါဘူး။

စနေနေ့က နောက်ထပ် မြန်မာ၆၂ဦးကို  နေရာနှစ်နေရာမှာ တရားမဝင် ဝင်ရောက်ဖို့ ဖမ်းဆီမိခဲ့ပါသေးတယ်။

ပထမနေရာက ဆိုင်ယောက်ခရိုင် ဘန်ထိုင်းမောင်ကျေးရွာမို-၃ က သစ်တောဧရိယာတစ်ခုထဲ ပုန်းနေကြတဲ့ အမျိုးသား ၂၄ဦးနှင့် အမျိုးသမီး ငါးဦးတို့ကိုမွန်းလွဲတစ်နာရီခွဲမှာဖမ်းမိခဲ့တာပါ။ သူတို့ဟာမြဝတီ၊ပဲခူးနှင့် အခြားမြို့တွေကလာကြတာလို့ပြောပါတယ်။ အလုပ်ရဖို့ တစ်ယောက်ကိုဘတ်ငွေ တစ်သောင်းရှစ်ထောင်ကနေ နှစ်သောင်းအကြားပေးခဲ့ကြရပါတယ်။

နောက်တစ်နေရာကတော့ မွန်းလွဲ(၂)နာရီခန့်မှာ ဘန်ပရက်တူဒန်ကျေးရွာ မို-၁၄က ပြောင်းဖူးခင်းကြီးတစ်ခုမှာ အမျိုးသား ၂၁ဦးနှင့် အမျိုးသမီး၁၂ဦးတို့ကို ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့ကတစ်ဦးကို ဘတ်ငွေတစ်သောင်းကိုးထောင်စီပေးခဲ့ကြရတယ်လို့ ပြောပါတယ်။

သူတို့အားလုံးကိုကျန်းမာရေးစစ်ဆေးပေးပြီးတဲ့နောက် ဥပဒေအရဆက်လက်အရေးယူဆောင်ရွက်ဖို့ ဒေသရဲစခန်းကိုပို့ဆောင်လိုက်တယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။

Source: Bangkok Post