#LocalNews

Published - 8 Nov 2021

၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးတာဝန်ခံ၊ CRPHNUG၏ နိုင်ငံရေးနှင့် လုံခြုံရေးအကြံပေး ကိုကျော်မင်းယု(ခ)ကိုဂျင်မီအား အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံအိမ်ရာဝန်းအတွင်းရှိ အမှတ်(၁၀၉/B) ၂ ထပ်တိုက် နေအိမ်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ နစက ကသတင်းထုတ်ပြန်လိုက်ပါတယ်။

ကိုကျော်မင်းယု(ခ)ဂျင်မီနှင့်အတူ AK-47 သေနတ် ၆ လက်၊ M-16 သေနတ် ၈ လက်၊ ၁၂-ဗို သေနတ် ၂ လက်၊ ဒေသန္တရလုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁၈ ခု တို့အား အဆိုပါ ၂ ထပ်တိုက်နေအိမ်မှ သိမ်းဆည်းရမိခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကိုကျော်မင်းယု(ခ)ကိုဂျင်မီကို ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁၁ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ပုဇွန်တောင်မြို့နယ်တရားရုံးမှ ရာကြီးအမှတ်(၂၆)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့်အမှုဖွင့်ခံထားရသူဖြစ်တယ်လို့လည်းသိရပါတယ်။

ကိုကျော်မင်းယု(ခ)ကိုဂျင်မီရဲ့ ထွက်ဆိုချက်များအရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလနှင့်မတ်လအတွင်း အဆိုပါပင်လုံအိမ်ရာနေအိမ်တွင် နေထိုင်၍ ဆူပူ ဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရဝန်ထမ်းများ CDMလှုပ်ရှားမှုများတွင် ပါဝင်လာစေရေးအတွက် သတင်းမီဒီယာများနှင့် ချိတ်ဆက်ကာဝါဒဖြန့် လှုံ့ဆော်မှုများပြုလုပ်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူ နီလာသိန်းနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ သို့ သွားရောက်တိမ်းရှောင်ခဲ့ကြောင်း၊ ၎င်းနောက် ဖောက်ခွဲဖျက်ဆီးခြင်း၊ လက်နက်ကိုင် တိုက်ခိုက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများအား ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီလ အတွင်း Moon Light Operation အဖွဲ့နဲ့ချိတ်ဆက်ကာ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
ကို ကျော်မင်းယု(ခ)ကို ဂျင်မီအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ၅၀၅ကအပြင်၂၀၁၄ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ၁၂၄၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်နှင့်ပတ်သက်သောအက်ဥပဒေ၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ အက်ဥပဒေတို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။