၁၉ ဩဂုတ် ၂၀၂၃

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို လန်ဒန်ရှိ သံတမန်အိမ်ယာတစ်ခုကို ကျူးကျော်နေ ထိုင်မှုအတွက် ဗြိတိန်ရဲတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သူ့ရှေ့နေက ရိုက်တာကိုပြောတယ်လို့ ရိုက်တာ သတင်းကရေးသားပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးကတည်းက သူဟာ သံရုံးထဲမှာ ပိတ်မိနေပြီး နောက်ပိုင်းမှာ သူ့နေရာကို အခြားသံတမန်တစ်ဦးနှင့်အစားထိုးခန့်အပ်ခဲ့ပါတယ်။

သူဟာ အဲဒီကတည်းက လန်ဒန်မြို့ အနောက်မြောက်ဘက်ရှိ သံအမတ်ကြီးနေအိမ်မှာ ဆက်လက်နေထိုင်ပြီး အိမ်ကို လည်း သံဆူးကြိုးတွေကာခဲ့ပါတယ်။ စီစီတီဗွီကင်မရာတွေတပ်ဆင်ထားခဲ့ပါတယ်။ သူဟာ သံရုံးကိုပြန်အပ်ဖို့လည်း ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ဖိအားကြောင့် ဗြိတိန်အစိုးရက ဦးကျော်စွာမင်းကို သံအမတ်ကြီးအိမ်ကနေ ထွက်ခွာပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ရိုက်တာက သတင်းဖော်ပြပါတယ်။

ဒီတစ်ပတ်စောစောပိုင်းမှာတော့ ဦးကျော်စွာမင်းကို သံတမန်ဥပစာအတွင်း ပိုင်နက်ကျူးကျော်မှုအတွက်  ဗြိတိန်ရဲတွေက စုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်လို့ လန်ဒန်အခြေစိုက် ပီတာနှင့်ပီတာများ အဖွဲ့မှ ရှေ့နေ နီးလ်ဆွစ်က ရိုက်တာကို ပြောပါတယ်။  ဒီအမှုဟာ ထောင်ဒဏ်(၆)လ ဒါမှမဟုတ် ဒဏ်ငွေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး အပြစ်ပေးခံရနိုင်ပါတယ်။

“ သံအမတ်ကြီးအိမ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရရဲ့ ပိုင်ဆိုင်မှုအဖြစ်ဆက်ရှိနေတုန်းပါ။ ကျွန်တော့်ရဲ့အမှုသည်က  ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်တဲ့ အစိုးရရဲ့ ကိုယ်စားလှယ်ကို သော့ပြန်အပ်ပေးမယ်လို့ အမြဲပြောခဲ့ပါတယ်” လို့ ရှေ့နေနီးလ်က ဆက်ပြောပါတယ်။

လန်ဒန်မှာရှိတဲ့မြန်မာသံရုံးနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လန်ဒန်မြို့ပြရဲတပ်ဖွဲ့တို့ကတော့ ဒီသတင်းအပေါ် ဘာမှမှတ်ချက်မပေးကြဘူးလို့လည်း ရိုက်တာကရေးသားပါတယ်။

ဦးကျော်စွာမင်းကို ဩဂုတ် (၁၅)ရက်က ရဲတွေက မေးမြန်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တရားတော့မစွဲရသေးပါဘူး။

၂၀၂၁ဇူလိုင်လမှာ သူ့နေရာကိုအစားထိုးမယ့် ယာယီတာဝန်ခံတစ်ဦးကို မြန်မာစစ်အစိုးရကခန့်အပ်ခဲ့ပါတယ်။ ဗီယင်နာ ကွန်ဗင်းရှင်းအရ အဲသလိုခန့်အပ်မှုဟာ ဗြိတိန်အစိုးရဲ့ သဘောတူညီမှုမလိုအပ်ဘူးလို့ ရိုက်တာက သတင်းရေးသားဖော်ပြထားပါတယ်။

Source Reuters