#Local_News
Published_ 19 August 2023


ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် အလူမီနီယံဆာလဖိတ်ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး သွားရောက်ကူညီရှင်းလင်း ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များဘေးကင်းခဲ့သလို ထိခိုက်ဒဏ်ရာရရှိခဲ့သူလည်းမရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှသိရသည်။

 

ဩဂုတ်လ(၁၈)ရက်နေ့ညနေပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ရန်ကုန်တက္ကသိုလ်၊ဓာတုဗေဒဌာန Labအခန်းဖြစ်သော CE-3ခန်းမ၌ လွန်ခဲ့သော (၃)ရက်ခန့်က လက်တွေ့ခန်းအသုံးပြုရန်ခွဲတမ်းရရှိထားသည့် အလူမီနီယံဆာလဖိတ်ဓာတ်ပြုပြီး ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

အလူမီနီယံဆာလဖိတ်သည် ရေတွင်ပျော်ဝင်နိုင်သောဆားဖြစ်ပြီး အဆိပ်အတောက်ဖြစ်စေနိုင်သည့် ဒြပ်ပေါင်း တစ်ခုဖြစ်သော်လည်း ဓာတ်ငွေ့ကာများအသုံးပြုပြီးရှင်းလင်းခဲ့သောကြောင့်ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ ဟုဆိုသည်။

 

‘‘ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ထိခိုက်မှုတော့မရှိခဲ့ပါဘူး။အဲ့ဒီနေရာကို သွားရောက်ကူညီခဲ့တဲ့ ကျွန်တော့်တို့မီးသတ် တပ်ဖွဲ့တွေလည်း ဘေးကင်းခဲ့ပါတယ်’’ဟု စမ်းချောင်းမြို့နယ်၊မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကYMGကို ပြောခဲ့သည်။

 

ယင်းဓာတ်ငွေ့ယိုစိမ့်မှုကို ကမာရွတ်၊ ကျောက်တံတား၊ စမ်းချောင်းမြို့နယ်များမီးသတ်တပ်ဖွဲ့ဝင်များ၊သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ် ယာဉ်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ချုပ်မှ ရှာဖွေကယ်ဆယ် ရေးယာဉ်တစ်စီး၊ Ventilator မီးသတ်ယာဉ်တစ်စီးတို့ အသုံးပြုပြီး ရှင်းလင်းကူညီရေးများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#tthl #Local_News #ရန်ကုန်တက္ကသိုလ် #ဓာတုဗေဒဌာန #ဆာလဖိတ်ယိုစိမ့်မှုဖြစ် #Yangon_Times