#Local_New
Published-19-8-2023


တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံပူးပေါင်း၍ လောင်းကစားနှင့်လိမ်လည်သူအုပ်စုများကို တိုက်ဖျက်ရေး အထူးပူးတွဲလှုပ်ရှားမှု တစ်ရပ်ကိုစတင်ပြီဖြစ်ကြောင်း တရုတ်သံရုံးက ယမန်နေ့ ဩဂုတ် (၁၈) ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

 

အဆိုပါ အထူးပူးတွဲလှုပ်ရှားမှုအတွက်  သြဂုတ်လ( ၁၅) ရက်နေ့မှ (၁၆) ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ဒေသတွင်းလောင်းကစားနှင့်လိမ်လည်မှုများမှတစ်ဆင့် ပေါ်ထွက်လာသည့် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ထိန်းချုပ်မှု စသည့် ပြစ်မှုကျူးလွန်မှုများအတွက် အထူးပူးပေါင်းတိုက်ဖျက်ရေးလှုပ်ရှားမှုစတင်ခြင်းအခမ်းအနားကိုကျင်းပခဲ့ကြသည်။

 

အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့တက်ရောက်ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

 

ယင်းဆွေးနွေးမှုအပြီး ရလာဒ်အနေဖြင့် ဒေသတွင်းဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြသည်။

 

တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံအသီးသီးတွင် ရပ်တန်းကမရပ်သေးသည့် ပြစ်မှုကျူးလွန်သူအုပ်စုများကို လက်တွေ့လှုပ်ရှားမှုဖြင့် ပြင်းပြင်း ထန်ထန် သတိပေးသွားမည်ဖြစ်ကြောင်း လည်းဆုံးဖြတ်ခဲ့သည်။

 

ယင်းအတွက် ပြည်တွင်းပြည်ပအား တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံရဲတပ်ဖွဲ့၏ စည်းလုံးညီညွတ်စွာပူးပေါင်း၍ လောင်းကစားနှင့်လိမ်လည်မှုကို ပြင်းပြင်းထန်ထန်တိုက်ဖျက်လိုသည့် ပြတ်သားသောဆုံးဖြတ်ချက်ကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/my #Local_New #တရုတ်-ထိုင်း-မြန်မာ-လာအို #လောင်းကစားနှင့်လိမ်လည်သူအုပ်စု #Yangon_Times