#Local_News
Published_ 19 August 2023


ဆော်ဒီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုသည် ဩဂုတ် ၁၇ ရက်တွင် ရီရတ်ဒ်မြို့အခြေစိုက် ကာတာနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Mohammed bin Khalid Al-Qahfani ၊ ယူအေအီးနိုင်ငံ သံရုံးယာယီတာဝန်ခံ Ms. Maryam Nasser Almheiri တို့နှင့် အသီးသီးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

 

ကာတာနိုင်ငံ သံရုံးယာယီတာဝန်ခံနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ASEAN-GCC ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြပါတယ်။

 

ထို့ပြင် ရှေ့လာမည့်နှစ်များတွင် နှစ်နိုင်ငံ အဆင့်အသီးသီးမှ ပုဂ္ဂိုလ်များ၏ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များဖြစ်မြောက်ရန် ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြပါတယ်။

 

ယူအေအီးနိုင်ငံ သံရုံးယာယီတာဝန်ခံနှင့်တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လတ်တလောနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ယူအေအီးနိုင်ငံ တွင်ရောက်ရှိ၍ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားအလုပ်သမားများအား ဥပဒေနှင့်အညီ စောင့်ရှောက်ကာကွယ်မှုပေးနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။

 

ထို့ပြင် မြန်မာနိုင်ငံနှင့် ယူအေအီးနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေများ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ASEAN-GCC ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ နှစ်ဖက်အမြင်သဘောထားများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn #Local_News #ကာတာနိုင်ငံ #ယူအေအီးနိုင်ငံ #သံရုံးယာယီတာဝန်ခံ #Yangon_Media_Group