၁၃ ဩဂုတ် ၂၀၂၃

နိုင်ငံတော်သံစုံတီးဝိုင်း ဖျော်ဖြေတင်ဆက်မှုကို နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးခဲ့တယ်လို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရဲ့ နိုင်ငံတော်သံစုံတီးဝိုင်းကို ယနေ့ဩဂုတ် (၁၃)ရက်က ရန်ကင်းမြို့နယ် မြဝတီမီဒီယာစင်တာ၌  ဖျော်ဖြေတင်ဆက်ခဲ့တာဖြစ်ပါတယ်။

ဖျော်ဖြေတင်ဆက်ရာတွင်  နိုင်ငံတော်သံစုံတီးဝိုင်းနှင့် တူရိယာများဆိုင်ရာ Annimation Video Clip ကို ရှေးဦးစွာ တင်ဆက်ပြသပါတယ်။

အဲဒီနောက် ASEAN Anthem သံစဉ်နှင့် နိုင်ငံတော်သံစုံတီးဝိုင်း၏ ပဏာမတေးသွား(MNSO Overture) နှင့် တူရိယာအမျိုးအစားများအလိုက်တီးမှုတ်တင်ဆက်ခဲ့ကြပြီး ရုပ်ရှင်နှင့် ဂီတ အနုပညာရှင်များက မြန်မာသံစဉ်များ၊ ခေတ်ပေါ်သံစဉ်များနှင့် နိုင်ငံတကာ ကမ္ဘာကျော်တေးသီချင်းများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြရာ နစက ဥက္ကဋ္ဌ နှင့်ဇနီးတို့က နိုင်ငံတော်သံစုံတီးဝိုင်း ဖျော်ဖြေရေးအဖွဲ့နှင့် ပြင်ပအဆိုရှင်များအား ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖျော်ဖြေတင်ဆက်မှုအပြီးတွင် ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီး၊ အဖွဲ့ဝင်များသည်  နိုင်ငံတော်သံစုံ တီးဝိုင်းဖျော်ဖြေရေးအဖွဲ့သူ၊ အဖွဲ့သားများနှင့်တက်ရောက်လာကြသည့် နိုင်ငံကျော်အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ ဖျော်ဖြေပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးနှင့်အတူ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် အနုပညာရပ်ဝန်းအသီးသီးမှ နိုင်ငံကျော်အနုပညာရှင်များ တက်ရောက်အားပေး ကြည့်ရှုခဲ့ကြပါတယ်။

-ymg/knl