Published_ 13 August 2023

ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံရုံးဒုတိယအကြီးအကဲ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ဩဂုတ် ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့တဲ့ (၂၆) ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာအကြီးအကဲများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

(၂၆) ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာ အကြီးအကဲများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၌ မြန်မာသံရုံးသံရုံး ဒုတိယအကြီးအကဲ ဦးသန်းထွေး က လူဝင်မှု ကြီးကြပ်ရေး၊ ကောင်စစ်နှင့်နယ်စပ်ရေးရာ စီမံခန့်ခွဲမှုကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် မှု၊ Intelligence Data Sharing Protocol (IDSP) အကောင်အထည်ဖော်ဆောင်ရွက်မှု၊ နည်းပညာအခြေခံ လူဝင်မှုကြီးကြပ်ရေးစနစ်များနှင့် လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး (TIP) ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ထို့ပြင် ဗီဇာကင်းလွတ်ခွင့်၊ အီလက်ထရွန်းနစ်ဗီဇာနှင့် ဆိုက်ရောက်ဗီဇာ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ ဆိပ်ကမ်းနှင့်နယ်စပ်စစ်ဆေးရေးဂိတ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် မြန်မာနိုင်ငံ၏ Integrated Database Control Reporting System (IDCRS) ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

(၁၈) ကြိမ်မြောက် DGICM နှင့် သြစတြေးလျနိုင်ငံ ဆွေးနွေးမှု၊ (၂) ကြိမ်မြောက် DGICM နှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ (DGICM+3) ဆွေးနွေးမှုများ တွင် အရှေ့အာရှဒေသနှင့်ဒေသအလွန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှု၏ အနာဂတ်ဦးတည်ချက်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#YMG #Yangon_Times
#Local_News
#Yangon_Media_Group