အာဆီယံအနေဖြင့် ပထဝီနိုင်ငံရေး အားပြိုင်မှုများ၏ ဖိအားနှင့်စိန်ခေါ်မှုတွေကို ညီညီညွတ်ညွတ်  ရင်ဆိုင်ဖြေရှင်း  ကြရလိမ့်မယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။

ဩဂုတ်လ(၈)ရက် ယနေ့တွင်ကျရောက်တဲ့ (၅၆)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ ပေးပိုတဲ့ နစက ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ ယင်းကဲ့သို့ဖော်ပြထားခြင်းဖြစ်ပါတယ်။

အာဆီယံပဋိညာဉ် စာတမ်းပါအခြေခံမူများနှင့်အညီ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို အလေးအနက်ထားကိုင်စွဲကြရန် သတိပြုကြရမည် ဖြစ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။

အာဆီယံ၏ အချက်အချာကျမှုနှင့် အာဆီယံဦးဆောင်သော အခန်းကဏ္ဍများအပေါ် ခြိမ်းခြောက်လာနိုင်သည့် အခြေအနေများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှုရှိပြီး စည်းမျဉ်းအခြေပြုသည့် ဒေသဆိုင်ရာ ဖွဲစည်းတည်ဆောက်မှုပုံစံကို ဖော်ဆောင် ကြရန် လိုအပ်ကြောင်း ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။

မြန်မာနိုင်ငံသည် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများ၌ အဖွဲဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်းရမည့် ဝတ္တရားများကို မပျက်မကွက် ထမ်းဆောင်လျက်ရှိနေပြီး  အထူးသဖြင့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိင်းရေး တာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်နေပြီး အာဆီယံမဏ္ဍိုင်(၃)ရပ်နှင့် ၎င်းအောက်ရှိ နယ်ပယ်ကဏ္ဍများတွင် အသိုက်အဝန်း ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိတယ်လို့လည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။

အာဆီယံအဖွဲ့ကြီးကို ၁၉၆၇ ခုနှစ် ဩဂုတ်လ (၈)ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အဆိုပါနေ့ကို အာဆီယံနေ့အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

-ymg/knl