မြန်မာနိုင်ငံရဲ့ ဂျီဒီပီမှာမြန်မာနိုင်ငံ၏ရေမြေသဘာဝနှင့်တူညီသည့် ဒေသတွင်းနိုင်ငံများ၏ ဂျီဒီပီနှင့်နှိုင်းယှဉ်ပါကများစွာကွာခြားလျက်ရှိနေသေးတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ဇူလိုင် ၁၅ ရက်က ကျင်းပတဲ့ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအစည်းအဝေးတစ်ခုတွင် ပြောကြားပါတယ်။

နေပြည်တော်မှာ ဇူလိုင် ၁၅ရက်က ကျင်းပတဲ့ နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အစည်းအဝေးတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီအတွက် ဂျီဒီပီတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေသူများအားလုံး လုပ်ငန်းများအလိုက် အောင်မြင်အောင် ဆောင်ရွက်လိုစိတ်ရှိဖို့လိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။

ပြည်သူအများစုနေ့စဉ် သုံးစွဲစားသုံးနေရတဲ့ စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်းဖူလုံမှုကို ဦးစားပေး၍ဆောင်ရွက်ရမှာဖြစ်ပြီး  အများစုသုံးစွဲခြင်းမဟုတ်ဘဲ ပြည်ပပို့ကုန်အဖြစ်တင်ပို့နိုင်သည့် ထုတ်ကုန်များကိုမူ ပို့ကုန်အဖြစ်ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်နိုင်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။

ယင်းအပြင် ဗိုလ်ချုပ်မှူးကြီးက မွေးမြူရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး အသား၊ ငါး၊ဥ၊ နို့များနှင့် စားသောက်ကုန်များ နေ့စဉ်လိုအပ်ချက်များရှိကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ဒေသတွင်းဖူလုံနေရုံဖြင့် ကျေနပ်နေခြင်းမရှိဘဲ တစ်နိုင်ငံလုံးဖူလုံမှုရှိရေးအတွက် စဉ်းစားဆောင်ရွက်ရန်လိုအပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေသတွင်းနိုင်ငံတွေက လိုအပ်ချက် ရှိသည့် သီးနှံထွက်ကုန်တွေကို  စိုက်ပျိုးရေး သုတေသန၊ ဈေးကွက်သုတေသနများ ပြုလုပ်ပြီး  စိုက်ပျိုးပြီးတင်ပို့ဆောင်ရွက်ရန်လိုကြောင်းနှင့် ပြည်တွင်း၌ အဓိကလိုအပ် သည့်သီးနှံများ၊ ပြည်ပတင်ပို့မှုအတွက် အဓိကလိုအပ်သည့် သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌက ပြောဆိုခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အစည်းအဝေးတွင် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က စိုက်ပျိုးရေးနှင့်မွေးမြူရေးဆောင်ရွက်နေမှုဆိုင်ရာ ကုန်ထုတ်လုပ်မှုအခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

#ymg/knl

#Seniorgeneralminaunghlaing

#SAC

#myanmareconomy