အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက်တွင်ပါဝင်သည့် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်သည့် အချို့ အချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချလိုက်တယ်လို့ နစက နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက်တွင်ပါဝင်သည့် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်သည့် အချို့ အချက်များအပေါ် စိတ်ပျက်မိပြီး ယင်းဖော်ပြချက်များအားပြတ်သားစွာ ပယ်ချလျက် ပါဝင်ပတ်သက်မှုမရှိကြောင်း” ဖြင့်  ယနေ့ ဇူလိုင် ၁၄ ရက် နေ့စွဲဖြင့်ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ်မမျှမတဖော်ပြထားသည့်အချက်အလက်အချို့ အတွက် စိတ်ပျက်မိတယ်လို့လည်း သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်အပါအဝင် မည်သည့်ထုတ်ပြန်ချက် တွင်မဆို နိုင်ငံတစ်နိုင်ငံအားသီးခြားပစ်မှတ်ထား၍ ယင်း၏ ပြည်တွင်ရေးကိစ္စအား ဖော်ပြမှုသည် အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် “ဝင်ရောက်မစွက်ဖက်ရေးမူ”နှင့် သွေဖည်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခါကမျှလက်ခံခြင်းမရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်(မူကြမ်း)အား ညှိနှိုင်းစဉ်ကမြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်သိစွာဖြင့် ပါဝင်ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့်  ပူးတွဲကြေညာချက်အား အပြီးသတ်ထုတ်ပြန်ကြေညာရာတွင်မြန်မာနိုင်ငံမှ အဆိုပြု ပြင်ဆင်ဖြည့်စွက်ထည့်သွင်းလိုသည့်အချက်များ၊ မြန်မာနိုင်ငံ၏သဘောထားနှင့် စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုခဲ့တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၁၁-၇-၂၀၂၃ရက်တွင်ပြုလုပ်ခဲ့ သည့် (၅၆)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဆိုပါပူးတွဲကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။