Published_ 15 July2023

ဟောင်းနွမ်း စုတ်ပြဲ ချို့ယွင်းငွေစက္ကူများကို နေပြည်တော်၊ရန်ကုန်နှင့်မန္တလေးတို့တွက် ကောင်တာများဖွင့်လှစ်၍ လဲလှယ်ပေးနေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဟောင်းနွမ်း၊ စုတ်ပြဲနှင့် ချို့ယွင်းငွေစက္ကူများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ တန်ဖိုးတူငွေစက္ကူများဖြင့် ပြန်လည်လဲလှယ်ပေးခြင်းကို ၂၀၀၉ ခုနှစ်မှစ၍ စီမံချက်ဖြင့်စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက်၂၀၁၇ ခုနှစ်မှစ၍ ငွေလဲလှယ်သည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို တစ်နှစ်ထက် တစ်နှစ်ဖြေလျှော့ကာ နှစ်စဉ်စီမံချက်ချ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ထို့အပြင် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များအနေဖြင့် အများပြည်သူသို့ ပြန်လည် ထုတ်ပေးငွေများတွင် လှည့်လည်သုံးစွဲရန် မသင့်တော်သည့် ဟောင်းနွမ်း စုတ်ပြဲငွေစက္ကူများ ပါဝင်မှု မရှိစေရန်၊ ကောင်းမွန်သန့်ရှင်းသည့် ငွေစက္ကူများကိုသာ ပြန်လည်ထုတ်ပေးရန်နှင့် ဟောင်းနွမ်း စုတ်ပြဲ ချို့ယွင်းငွေစက္ကူများကို သတ်မှတ်စည်းမျဉ်းများနှင့်အညီ လက်ခံလဲလှယ်ထုတ်ပေးရန်လည်း ငွေကြေးညွှန်ကြားလွှာများ၊ အမှာစာများဖြင့် မကြာခဏ ညွှန်ကြားခဲ့ကြောင်း သိရသည်။

သို့သော်လည်း ယခုအခါ အများ ပြည်သူ လက်ဝယ် လှည့်လည်သုံးစွဲနေသည့် ငွေစက္ကူများတွင် ဟောင်းနွမ်း စုတ်ပြဲ ချို့ယွင်းငွေစက္ကူများ လျော့နည်း ပပျောက်မှု နည်းပါးနေသေးသောကြောင့် ကောင်းမွန်သန့်ရှင်းသည့် ငွေစက္ကူများ ပြည်သူများလက်ဝယ်ပိုမိုရောက်ရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ကောင်တာများဖွင့်လှစ်ပြီး လက်ခံလဲလှယ်ဆောင်ရွက် ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times