Published_ 15 July2023

ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ထပ်မံသတ်မှတ်ကြေညာလိုက်သည်။

အဆိုပါ မြို့နယ်များမှာ ကျောက်ဖြူမြို့နယ်၊ မာန်အောင် မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ် တို့ ဖြစ်ကြသည်။

ယင်း မြို့နယ်များကို ပုံမှန်အနေအထားသို့ အပြည့်အဝ ပြန်လည်ရောက်ရှိလာစေရန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အချိန်ကာလဖြစ်သောကြောင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု နည်းဥပဒေ ပုဒ်မ ၂၆ အရ ယနေ့ ဇူလိုင်လ ၁၅ ရက်မှ စက်တင်ဘာလ ၁၄ ရက်ထိ သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသ ဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာလိုက်ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်၊ မာန်အောင် မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ် တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ပြီးခဲ့သည့် မေလ ၁၅ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် ဖြစ်ကြောင်းလည်း နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#Yangon-Times/BM
#Local_News
#YMG #Yangon_Times