Published 8 June 2023

အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်းဖွင်ပွဲအခမ်းအနားကို ယနေ့ ဇွန် ၈ရက် မနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

အဆိုပါ အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်ကို Viettel Group (Mytel)နှင့် လုပ်ငန်းမိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် Viettel Group မှ (Mytel)CEO Nguyen Tien Dung တို့က အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်အား စတင်ဖွင့်လှစ်ပေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက် အောင်ဘာလေအွန်လိုင်း သိန်းဆု ထီစနစ် ဖွင့်ပွဲ အထိမ်းအမှတ် Logoကိုနစက ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပေးအပ်သည်။ ယင်းနောက် အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်နှင့် ပတ်သက်၍ Mytelမှ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဒေါက်တာနီလာအေး က ရှင်းလင်းတင်ပြခဲ့ပါတယ်။

အခမ်းအနားမှာ  ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.EDr.Luan Thuy Duong က ကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာ၊ ဗီယက်နမ် အကအလှတေးဂီတ အဖွဲ့များက “We LoveMyanmar” တေးသီးချင်းနှင့် “အောင်ဘာလေအွန်လိုင်းသိန်းဆုဖီအား ထိုးလိုက်ကြပါစို့” တေးသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

#ymg/knl

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#အွန်လိုင်းအောင်ဘာလေထီ

#မြန်မာ့စီးပွားရေး

#မြန်မာ_ဗီယက်နမ်ဆက်ဆံရေး

0 PAY PNVAMPFISH04