Published 19 May 2023

မိုခါမုန်တိုင်းကြောင့် IDP Camp များတွင်နေထိုင်သော ဘင်္ဂလီလူမျိုး ၄၀၀သေဆုံးသည်ဟုရေးသားဖော်ပြနေကြသည်များ မှန်ကန်မှုမရှိကြောင်း နစကသတင်းမှန်ပြန်ကြားရေးက ငြင်းဆိုလိုက်ပါတယ်။

စစ်တွေမြို့အပါအဝင် IDP Camp ၁၇ ခုရှိ ခိုလှုံဘင်္ဂါလီလူဦးရေ ၁၂၅၇၈၉ ဦးအနက်ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်လိုအပ်သည့် ၆၃၃၀၂ ဦးခန့်အား ဘေးလွတ်ရာအဆောက်အဦများနှင့်ဆိုင်ကလုန်း Shelter များသို့ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။

ဆိုင်ကလုန်း မိုခါဝင်ရောက်ပြီးနောက် မေလ ၁၇ ရက်အထိ မြေပြင်ကောက်ခံရရှိသည့် စာရင်းများအရ တပ်မတော်သား၄ ဦး၊ ဒေသခံတိုင်းရင်းသား ၁၈ ဦးနှင့် ဘင်္ဂါလီ ၂၆ ဦး၊ စုစုပေါင်း ၄၈ ဦး သေဆုံးကြောင်းသတင်းထုတ်ပြန်ခဲ့ပြီး မေလ ၁၈ ရက်နေ့ ထပ်မံရရှိသတင်းအရ ဒေသခံ ၆ ဦးနှင့်ဘင်္ဂါလီ ၉၁ ဦး၊ ပေါင်း ၉၇ ဦး သေဆုံးကြောင်းသိရှိရတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယခုသေဆုံးသူတွေဟာ တာဝန်ရှိသူများမှ ပြောင်းရွှေ့ပေးမှုအပေါ် လိုက်ပါခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့် နေအိမ်များ၌ကျန်ရှိခဲ့သူတွေဖြစ်တယ်လို့လည်းသိရပါတယ်။

အဲဒီအတွက်ကြောင့် လူမှုကွန်ရက်များတွင် ဖော်ပြနေသည့်ဘင်္ဂါလီလူမျိုး သေဆုံးသူဦးရေ ၄၀၀ ကျော် ဆိုသည်မှာ မှန်ကန်မှုမရှိပါ။ ထို့ကြောင့်မမှန်သတင်းများထုတ်လွှင့်ကာ ပြည်သူကို အထိတ်တလန့်ဖြစ်အောင် ထုတ်လွှင့်နေသည့်မီဒီယာစာမျက်နှာအချို့အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်အသိပေးထားပါတယ်။

ပုံမှာ- နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်တွေမြို့နယ်အတွင်း ရှိ IDP စခန်းများမှ မုန်တိုင်းဒဏ်‌သင့်ဘင်္ဂါလီများနှင့်တွေ့ဆုံ ထောက်ပံ့ပစ္စည်းများပေးအပ်သည့်ပုံဖြစ်ပါတယ်။

-ymg/knl

#မိုခါမုန်တိုင်း

#မိုခါမုန်တိုင်းကြောင့်ဘင်္ဂလီ၄၀၀သေဆုံးသည်မှာမမှန်

#YangonMediaGroup