Published 24 October 2021

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်တွင် ပြန်ဖွင့်ရန်ဆုံးဖြတ်ကြပြီးနောက် အောက်တိုဘာလ ၁၆ ရက်ကစ၍ အောက်တိုဘာလ ၂၂ ရက်ထိ အမေရိကန်ဒေါ်လာ ၆ သိန်းဖိုးခန့် တင်ပို့ပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သိရသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးဂိတ်မှ အောက်တိုဘာလ ၂ဝ ရက်မှ ၂၂ ရက်ထိ အမေရိကန်ဒေါ်လာ ၁ သိန်းကျော်၊စစ်တွေမြို့ ရွှေမင်းဂံဆိပ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်ထိ အမေရိကန်ဒေါ်လာ ၄ သိန်းခွဲခန့် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေး စခန်း၏ စာရင်းများတွင် ဖော်ပြထားသည်။

“အောက်တိုဘာ ၁၃ ရက်နေ့က နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ခဲ့တာ ဟုတ်တယ်။တောင်ကုတ်က ကုန်တွေဆိုရင် ၁၄ ရက်နေ့မှာ ထွက်လာတယ်။ဒါပေမဲ့ ၊စစ်တွေကကုန်တွေကတော့ ၁၆ ရက်နေ့မှာ တင်ပို့တယ်၊လက်ရှိမှာဆိုရင် ကညင်ချောင်းလမ်းကပျက်နေလို့ အလုပ် လုပ်လို့ မရသေးဘူး၊ပြင်နေကြပါပြီ"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူကပြောသည်။

ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ ကညင်ချောင်းစီးပွားရေးဇုံ၊  မောင်တောမြို့ ပေါ်ရှိ နယ်စပ် ကုန်သွယ်ရေး (POE)စခန်းနှင့် စစ်တွေ ရေရွှေမင်းဂံ စခန်းတို့ ဖြစ်ကြောင်းနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ငါးမြစ်ချင်း၊ ကြက်သွန်နီ၊ ဇီးယို၊ မန်ကျည်းစေ့၊ မကျည်းသီး၊ဂျင်း စသည်တို့ကို တင်ပိုခဲ့ကြောင်း သိရသည်။