Published 24 October 2021

ကုလသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအမျိုးမျိုးအပါအဝင် ကနေ့ကမ္ဘာပေါ်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို စုပေါင်းကိုင်တွယ်ဖြေရှင်းဖို့အတွက်  ဘောင်တစ်ရပ်အဖြစ် အရင်ကလိုပဲ တရားဝင်ခိုင်လုံမှုရှိနေဆဲဖြစ်ကာ ယနေ့မြန်မာနိုင်ငံဟာဆိုရင် တစ်ခုထက်မကတဲ့ အကျပ်အတည်းတွေ ပေါင်းစပ်ပြီး ပိုမိုဆိုးရွားပြင်းထန်လာတဲ့ အခြေအနေကို ရင်ဆိုင်နေတယ်လို့ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂအဖွဲ့ရုံးကထုတ်ပြန်လိုက်ပါတယ်။

ယာယီဌာနေညှိနှိုင်းရေးမှူးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရဲ့ ကုလသမဂ္ဂနှစ်ပတ်လည်နေ့ သဝဏ်လွှာ မှာရေးသားဖော်ပြထားတာပါ။

သဝဏ်လွှာမှာ ဒီအခြေအနေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းက ရရှိထားတဲ့အရေးကြီးတဲ့ ဖွံ့ဖြိုးရေးနဲ့ငြိမ်းချမ်းရေးဆိုင်ရာ တိုးတက်အောင်မြင်မှုတွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အန္တရာယ်ရှိနေပြီး ဒီလိုအကျပ်အတည်းတွေ ကြုံတွေ့နေရတဲ့အချိန်မှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ နောက်တစ်ကြိမ် ထပ်မံကတိပြုလိုတာကတော့ မြန်မာနိုင်ငံ ကုလသမဂ္ဂဌာနေအဖွဲ့များအနေနဲ့ မြေပြင်မှာ ဆက်လက်ရှိနေပြီး မြန်မာပြည်သူတွေရဲ့ အကျိုး ဆက်လက်သယ်ပိုးသွားမယ် လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတွင်းမှာ အခြေစိုက်ထားတဲ့ အေဂျင်စီတွေ၊ ရန်ပုံငွေတွေ၊ အစီအစဉ်တွေကို မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှိနေတဲ့မိတ်ဖက်တွေနဲ့လက်တွဲပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ တိုးပွားများပြားလာမှု၊ ကိုဗစ်-၁၉ကပ်ရောဂါ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုနဲ့ မြှင့်တင်မှု၊ ငြိမ်းချမ်းရေးနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စတာတွေနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ကိုင် တွယ် ဖြေရှင်းပေးရမှာဖြစ်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလသမဂ္ဂကို ပေးပို့တဲ့သဝဏ်လွှာမှာတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတွေနဲ့အဖွဲ့အစည်းအချို့တွေရဲ့ အဟန့်အတား၊ အနှောင့်အယှက်တွေကြားထဲက မြန်မာနိုင်ငံအား မူလအခြေအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နဲ့အညီ ပြန်လည်ရောက်ရှိစေရန် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်နေရတယ်လို့ ရေးသား ဖော်ပြထားပါတယ်။

ဒါ့အပြင် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီမျှမှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုမူဝါဒများကို ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် အတိအလင်းထည့်သွင်းထားတာကြောင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု မူဝါဒအပေါ် သံသယများကြီးထွားလာချိန်တွင် ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် စံနှုန်းများကို နိုင်ငံအားလုံးအပေါ်  နိုင်ငံရေးရည်ရွယ်ချက်မရှိဘဲ တစ်ပြေးညီကျင့်သုံးရန် အလွန်အရေးတယ်လို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာထဲမှာ ပြောကြားထားပါတယ်။