#LocalPolitics
Published - 14 Feb 2022
ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အပေးအယူ မျှတစွာဖြင့် အတူတကွလက်တွဲဆောင်ရွက်ကြရန် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဥက္ကဋ္ဌ ဦးဟန်ရွှေမှ တိုက်တွန်းပြောကြားလိုက်ပါတယ်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ပါတီဝင်များထံ ပေးပို့တဲ့ တိုင်းရင်းသားစည်းလုံးညွတ်ရေးပါတီဥက္ကဋ္ဌ ဦးဟန်ရွှေမှ သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။
ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အပေးအယူမျှတစွာ အတူတကွ လက်တွဲဆောင်ရွက်ကြရန် တိုင်းရင်းသားပြည်သူများ၏ လက်ရှိ ပကတိအခြေအနေကို ကိုယ်စားပြုကာ တိုက်တွန်နှိုးဆော်အပ်ကြောင်း ဦးဟန်ရွှေက ပြောပါတယ်။
“နှစ်ပေါင်း(၇၀)ကျော် ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခအပေါင်းကို စာနာပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့် နှေးလျက်ရှိတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ပင်လုံစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်အပြည့်အဝနဲ့ ပါဝင် လက်မှတ်ရေးထိုးကြရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောပါတယ်။
ဆက်လက်ပြီး လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေတည်ရှိမှုတို့နှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် ပြည်တွင်းပြည်ပအန္တရာယ်နှင့် စိတ်ခေါ်မှုမှန်သမျှကို ရင်ဆိုင်ကျော်လွှားရာတွင် ပြည့်အင်အား သည် ပြည်တွင်းမှာသာရှိသည်ဟူသော အခြေခံမူအပေါ်တွင် အခိုင်အမာ ရပ်တည်ကြရမည်ဖြစ်ကြောင်း၊ သို့ပါ၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခိုင်အမာ တည်ဆောက်ခြင်းဖြင့် ပြည်တွင်းအားကို ရယူကာ ပြည်တွင်းပြည်ပ စိတ်ခေါ်မှုမှန်သမျှကို တွန်းလှန်ဖယ်ရှားပြီး နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာရေးနှင့် ဖွံဖြိုးတိုး တက်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပင်လုံစိတ်ဓာတ် အခြေခံဖြင့် အတူတကွ လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်ချက်မှာရေးသားပြောဆိုထားပါတယ်။
ymg/hm
#Yangon_Media_Group
- Category: Myanmar
Published -13 Feb 2022
- Category: Myanmar
- Category: Myanmar
- Category: Myanmar
#LocalNews
Published-13 Feb 2022
ရန်ကုန်မြို့၊ သဒ္ဒမ္မမာနိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်မုံရွာမြို့၊သဒ္ဒမ္မဇောတက သုဗောဓာရုံ ကျောင်းတိုက်နာယကဆရာတော် ဒွါဒသမ တိပိဋိကဓရ ဓမ္မ ဘဏဂါရိက ဘဒ္ဒန္တ အဘိဇာတာဘိဝံသ (စစ်ကိုင်းတိပိဋိက)ဆရာတော်ဘုရားကြီး ရုပ်ကလာပ်အား ဖေဖော်ဝါရီလ ၁၃ရက် ယနေ့ မွန်းလွဲ ၃နာရီကအန္တိမအဂ္ဂိဈာပနအခမ်းအနားနဲ့ ပူဇော်လိုက်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိပိဋကဆရာတော် ဥတုဇရုပ်ကလပ်တော် စံကျောင်းတော်မှာ အန္တိမအဂ္ဂိဈာပနပူဇော်ရာနေရာသို့ တပည့်ရဟန်းသံဃာတော်နဲ့ လူပုဂ္ဂိုလ်များက ပင့်ဆောင်ပူဇော်ခဲ့ကြပြီး အဂ္ဂိစျာပနကျင်းပမည့် ခေါင်းတလားစင်မြင့်ကို လက်ဝဲသုံးပတ်ပတ်ကာ နောက်ဆုံးပူးဇော်ခဲ့ကြပြီး အန္တိမအဂ္ဂိဈာပနပူဇော်ခဲ့ကြတာဖြစ်ပါတယ်။
စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသ ဆရာတော်ဟာထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Bumrungrad ဆေးရုံကြီးမှာ ရိုးတွင်းချဥ်ဆီအစားထိုးလဲလှယ်ကုသရန်နဲ့သွေးဖြူဥရောဂါတိုအတွက် ဆေးကုသမှုခံယူရင် ယင်းဆေးရုံတွင် ဖေဖော်ဝါရီ ၇ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၄၉ မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။
ဆရာတော်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော် ဦးတင်ရ၊မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀ ပြည့်နှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်၊တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပြီး ဘဝနတ်ထံပျံလွန်တော်မူစဉ်မှာ သက်တော်(၅၄)နှစ်၊ သိက္ခာတော်(၃၄)ဝါရှိပြီဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
- Category: Myanmar
#Health_News
Published_ 13 Feb 2022
မြန်မာနိုင်ငံကို အထူးသတိထားသင့်သော COVID – 19 မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာ နိုင်ငံ အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဂျပန်နိုင်ငံက သတ်မှတ်လိုက်လိုက်တာကြောင့် မြန်မာနိုင်ငံမှလာရောက်မည့်သူများ ဖေဖော်ဝါရီ ၁၃ ရက်မှစတင်ကာ ဂျပန်နိုင်ငံတွင် ဟိုတယ်ကွာရတင်း ၃ ရက်နေထိုင်ရမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ၎င်းတို၏ ဖေ့ဘွက်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန် ထားပါတယ်။
"ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဂျပန်အစိုးရသည် မြန်မာနိုင်ငံကို ဂျပန်နိုင်ငံ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှု တားဆီးကာကွယ်ထိန်းချုပ်ရေးစီမံချက်အရ အထူးသတိထားသင့်သော ကိုဗစ်_၁၉ မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာနိုင်ငံ၊ ဒေသအဖြစ် သတ်မှတ်လိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်"လို ဂျပန်သံရုံးရဲ့ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါသတ်မှတ်ချက်အရ ဖေဖော်ဝါရီလ ၁၃ ရက်မှစတင်၍ မြန်မာနိုင်ငံမှ ဂျပန် နိုင်ငံတွင်းသို့ ဝင်ရောက်လာသူအားလုံးသည် ရောဂါကူးစက်ပျံ့နှံမှု တားဆီးကာကွယ်ရေးဌာန၏ ဌာနမှူးက သတ်မှတ်သည့်ဟိုတယ်တွင် ၃ ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မယ်လို့ ဆိုပါတယ်။
နိုင်ငံတွင်းသိုဝင်ရောက်ပြီး ၃ ရက်မြောက်နေ့တွင် စစ်ဆေးသော PCR စစ်ဆေးမှု ရလဒ်တွင် ကိုဗစ်_၁၉ ကူးစက်ရောဂါကင်းစင်ကြောင်းတွေ့ရှိရပါက နိုင်ငံတွင်းသို ဝင်ရောက်သည့်နေ့ နောက်တစ်ရက်မှစတင်သော ၇ ရက်သီးသန့်နေထိုင် စောင့်ကြည့် ကာလ၏ ကျန်ရှိသော ၄ ရက်ကို မိမိနေအိမ်စသည်တို၌ ဆက်လက်သီးသန့်နေထိုင် ရမယ်လို ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံသို့ ဝင်ရောက်ချိန်တွင် ဝင်ရောက်သည့်နေ့ နောက်တစ်ရက်မှ စတင်၍ ၇ ရက်အတွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးမပြု ခြင်း၊ နေအိမ်သို့မဟုတ် မိမိတည်းခိုနေထိုင်မည့်နေရာများတွင် သီးသန့်နေထိုင် စောင့်ကြည့်ခြင်းနှင့် ထိုကာလအတွင်း မိမိ၏ကျန်းမာရေးအခြေအနေ၊ တည်နေရာအချက်အလက်များနှင့်ပက်သက်၍ ဆက်သွယ်မေးမြန်းမှုများကို လိုက်နာဖြေကြားခြင်း စသည့် ကတိကဝတ်များကို လိုက်နာစောင့်ထိန်းရန် လိုအပ်ပါကြောင်း ဂျပန်သံရုံးက ထုတ်ပြန် ထားပါတယ်။
ymg-mnn
#Yangon_Media_Group
- Category: Myanmar