အမေရိကန်-ရုရှားဆက်ဆံရေးဟာ မကြာခင်နှစ်များအတွင်း အနိမ့်ဆုံးရောက်ရှိနေတယ်လို့ ရုရှားသမ္မတ ဗလက်ဒီမီယာပူတင်က လာမယ့်အပတ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်မတွေ့ဆုံခင် အင်န်ဘီစီသတင်း ရဲ့အင်တာဗျူးမှာပြောကြားခဲ့တဲ့အကြောင်း ရိုက်တာကသတင်းရေးသားပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပူတင်နှင့်ဘိုင်ဒင်တို့ဟာ ဂျီနီဗာမှာတွေ့ဆုံကြမှာပါ။ ရုရှားကထွက်လာနေတဲ့ ဆော့ဝဲလ်တိုက်ခိုက်မှုတွေ၊ ယူကရိန်းအပေါ် မော်စကိုရဲ့ ရန်လိုမှုတွေ၊အတိုက်အခံတွေကို ထောင်သွင်း အကျဉ်းချမှုတွေနှင့် ဆက်ဆံရေးမှာ သည်းမခံနိုင်စရာဖြစ်နေရတဲ့ အခြားကိစ္စတွေကို ဘိုင်ဒင်က တွေ့ဆုံ ပွဲဆီသယ်ဆောင်လာတယ်လို့ အိမ်ဖြူတော်ကပြောခဲ့ပါတယ်။

“မကြာသေးခင်နှစ်များအတွင်မှာ ကျွန်တော်တို့နှစ်နိုင်ငံဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်အထိ ယိုယွင်း လာခဲ့ပါတယ်” လို့ သောကြာနေ့ကထုတ်လွှင့်သွားတဲ့ အင်န်ဘီစီရုပ်သံအင်တာဗျူးမှာ ပူတင်ကပြောခဲ့တာပါ။

#ဘိုင်ဒင်နှင့်ထရမ့်တစ်ခြားစီ
သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ ထူးခြားတဲ့လူတစ်ဦးဖြစ်တယ်၊ ပါရမီရှိသူတစ်ဦးဖြစ်တယ်လို့ ပူတင် ကချီးမွမ်းလိုက်ပြီး ဘိုင်ဒင်ဟာ နိုင်ငံရေးနှင့်အသက်မွေးသူတစ်ဦးဖြစ်ပြီး ထရမ့်နှင့်တစ်ခြားစီပဲလို့ ပူတင်က ပြောပါတယ်။ ဘိုင်ဒင်က မတ်လတုန်းကအင်တာဗျူးမှာ သူ့ကိုလူသတ်သမားလို့ခေါ်ခဲ့တာနှင့်ပတ်သက်ပြီးမေးတဲ့အခါ ပူတင်က ဒီလိုစွပ်စွပ်စွဲစွဲ တွေသူကြားခဲ့တာ ဒါဇင်ပေါင်းများစွာပါလို့ ဖြေပါတယ်။ ” ဒါဟာ ကျွန်တော့် အတွက် နည်းနည်းကလေးတောင် စိတ်ပူစရာမဟုတ်ဘူး”လို့ သူကပြောပါတယ်။

#အမေရိကန်ကပြင်းထန်စွာတုန့်ပြန်မယ်
ဥရောပကိုရှစ်ရက်ခရီးစတင်ခဲ့တဲ့ ဘိုင်ဒင်က ကျွန်တော်တို့ဟာ ရုရှားနဲ့ပဋိပက္ခရှာဖို့ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ “ တည်ငြိမ်ပြီးခန့်မှန်းလို့ရတဲ့ဆက်ဆံရေးမျိုး ကျွန်တော်တို့လိုချင်ပါတယ်။ ဒါပေမယ့် ရုရှားအစိုးရက အန္တရာယ်ရှိတဲ့ လှုပ်ရှားဆောင်ရွက်မှုမျိုးလုပ်လာရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြင်းပြင်းထန်ထန် နှင့်အဓိပ္ပါယ်ရှိရှိတုန့်ပြန်ရလိမ့်မယ်ဆိုတာ သိပ်ရှင်းတယ်” လို့ ဘိုင်ဒင်က ပြောပါ တယ်။ ၂၀၀၆ခုနှစ်တုန်းက အဆိပ်ခတ်သတ်ခံရတဲ့ ကေဂျီဘီသူလျှိုဟောင်း အလက်ဇန်းဒါးလစ်ပင်နီကိုအပါအဝင် မော်စကိုကြောင့်လို့အပြစ်တင်ခံခဲ့ရတဲ့ ရုရှားအတိုက်အခံတော်တော်များများ သေဆုံးမှုတွေနှင့် ပတ်သက် လို့လည်း ပူတင့်ကိုမေးခဲ့ပါတယ်။ ပူတင်က အဲဒီမေးခွန်းကို “နှုတ်အစာမကြေ” တာပဲလို့ပြန်ပြောခဲ့ပြီး အချို့သောသေဆုံးမှုတွေဟာ ထောင်ထဲမှာဖြစ်ခဲ့တာလို့ ဖြေပါတယ်။  အမေရိ ကန် ပြည်ထောင်စုက ရုရှားဆီကလာတာလို့ ခြေရာခံခဲ့တဲ့ သိပ်မကြာသေးခင်က ဆော့ဝဲတိုက် ခိုက်မှုတွေကိစ္စကို ပူတင်က ဒီလိုမျိုးကိစ္စ သူအနေနဲ့မသိရှိဘူးလို့ ငြင်းဆိုပါတယ်။ ပြီးတော့ ဆိုက်ဘာ အာကာသနှင့်ပတ်သက်ပြီး သူနှင့်သဘောတူညီချက်တစ်ခုရရှိအောင်လုပ်ဖို့ ဘိုင်ဒင်ကို ပူတင်က တောင်း ဆိုလိုက်ပါ တယ်။ 

#အမှိုက်သရိုက်တွေပါ
ဒီတစ်ပတ်ထဲမှာ ဝါရှင်တန်ပို့စ်ကရေးတဲ့ အီရန်ကို အဆင့်မြင့်ဂြိုဟ်တုတစ်ခုထောက်ပံ့ဖို့ ရုရှားကပြင် ဆင်နေတယ်ဆိုတဲ့ သတင်းကိုလည်း ပူတင်က ပယ်ချလိုက်ပါတယ်။အဲဒီဂြိုဟ်တုဟာ အရှေ့အလယ်ပိုင်း က ဖြစ်နိုင်ချေရှိတဲ့စစ်ရေးပစ်မှတ်တွေကို ခြေရာကောက်နိုင်တယ်လို့ပြောကြပါတယ်။ “ အဲဒါက သတင်းတုတွေပါ။ အနည်းဆုံးတော့ ဒီလိုကိစ္စတွေကို ကျွန်တော်ဘာမှမသိဘူး။ ဒါဟာ အဓိပ္ပါယ် မရှိတဲ့ အမှိုက်သရိုက်တွေပါ” လို့ သူက အင်န်ဘီစီသတင်းဌာနကိုပြောပါတယ်။