နိုင်ငံခြားရဲ့အရေးယူပိတ်ဆို့မှုတွေကို တန်ပြန်ဖို့ တရုတ်နိုင်ငံက နိုင်ငံခြားအရေးယူပိတ်ဆို့မှုဆန့်ကျင်ရေး ဥပဒေကို ကြာသပတေးနေ့က ပြဌာန်းလိုက်ပါတယ်။

လူ့အခွင့်အရေးကိစ္စတွေကအစ ဟောင်ကောင် အဆုံး ကိစ္စတွေနှင့်ပတ်သက်ပြီး နိုင်ငံခြားတိုင်းပြည်တွေက တရုတ်အပေါ်ဒဏ်ခတ်အရေးယူတာတွေကို ပါးကိုက်နားကိုက် လက်တုန့်ပြန်ဖို့ အတွက် တရုတ်နိုင်ငံက ဥပဒေပြဌာန်းဖို့ ဆောင်ရွက်လာတာဖြစ်တယ် လို့ ရိုက်တာသတင်းအရသိရပါတယ်။ ချက်ခြင်းအသက်ဝင်လာတဲ့ အဲဒီဥပဒေအကြောင်းကို နိုင်ငံတကာက စိတ်ဝင်တစားရှိနေကြပါတယ်။ ရိုက်တာသတင်းဌာနက အဲဒီဥပဒေအကြောင်းရှင်းလင်းပြတာတွေက..

#ဘယ်သူတွေကပစ်မှတ်လဲ
တရုတ်နိုင်ငံသားတွေကို ခွဲခြားဆက်ဆံတာ ဒါမှမဟုတ်ခွဲခြားဆက်ဆံဖို့အကောင်အထည်ဖော်တာ တွေမှာပါဝင်ပတ်သက်တဲ့ တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းတွေနှင့် တရုတ်ရဲ့ပြည်တွင်းရေးဝင်ရောက်စွက် ဖက်သူတဲ့တစ်ဦးချင်းစီနှင့်အဖွဲ့အစည်းတွေဟာ ဥပဒေအရ အမည်မည်းစာရင်းသွင်းခံရမှာဖြစ်ပါတယ်။ အဲဒီသူတစ်ဦးချင်းစီရဲ့ဆွေမျိုးသားချင်းတွေနှင့် သူတို့အကြီးတန်းအရာရှိတွေအဖြစ် ဆောင်ရွက်နေ တဲ့ အဖွဲ့အစည်းတွေဟာလည်း အမည်မည်းစာရင်းထဲ အသွင်းခံရနိုင်ပါတယ်။ တရုတ်အစိုးရရဲ့ သက်ဆိုင်တဲ့ဝန်ကြီးဌာနဟာ အမည်မည်းစာရင်းသွင်းတာ၊ စာရင်းကပယ်ဖျက်တာတွေကို ဆုံးဖြတ်နိုင်ပါတယ်။

#အမည်မည်းစာရင်းသွင်းခံရရင်ဘာဖြစ်မလဲ
အမည်မည်းစာရင်းသွင်းခံထားရသူတွေဟာ တရုတ်နိင်ငံကိုဝင်ရောက်ခွင့် ငြင်းပယ်ခြင်းခံရနိုင်တယ်၊ဒါမှ မဟုတ်နိုင်ငံကနေနှင်ထုတ်ခံရနိုင်တယ်။ တရုတ်နိုင်ငံအတွင်း အဖွဲ့အစည်းတွေဆိုရင် လုပ်ငန်းရဲ့အရောင်းအဝယ်ပုံစံအားလုံး၊ ပူးပေါင်းဆောင်ရွက်မှု အားလုံးနှင့် အခြားသော လုပ်ငန်းဆောင်ရွက်မှုတွေမှာ အကန့်အသတ်ခံရနိုင်တယ်။ အမည်မည်းစာရင်း သွင်းခံရတဲ့တရုတ်နိုင်ငံထဲက အဖွဲ့အစည်းတွေ ဟာ ရင်းနှီးမြှပ်နှံမှုအလုပ်တွေ အကန့်အသတ်ခံရနိုင်တယ်။ တရုတ်နိုင်ငံသားတွေနှင့် အဖွဲ့အစည်းတွေဟာ သူတို့ကို ခွဲခြားဆက်ဆံတဲ့ နိုင်ငံခြားရဲ့အရေးယူဆောင် ရွက်မှုတွေကို တရုတ်တရားရုံးတွေမှာ တရားစွဲဆိုလာနိုင်တယ်။

#အတိတ်တုန်းကနှင့်ဘာကွာလဲ
အရင်တုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အနောက်နိုင်ငံက နိုင်ငံရေးသမားတွေနှင့် ပညာရှင်တွေ တစ်ဦးချင်းစီကို အရေးယူကန့်သတ်မှုတွေ လုပ်တယ်လို့ကြေညာတဲ့အခါ အဲဒီအတွက် ကျောထောက် နောက်ခံဥပဒေမရှိခဲ့ပါဘူး။ ပြီးတော့ အရေးယူကန့်သတ်မှုလုပ်မယ်ဆိုတာ ဘာတွေလုပ်မှာလဲလို့ ရှင်းရှင်း လင်းလင်းမရှိခဲ့ကြပါဘူး။ ဥပဒေအသစ်မှာ နိင်ငံခြားရေးနှင့် စီးပွားကူးသန်းရေးဝန်ကြီး ဌာန တွေရဲ့ အုပ်ချုပ်ရေးအမိန့်တွေကို ပေါင်း စပ်ထားတာဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ နစ်နာကြေးအတွက် တရားစွဲဆိုခွင့်ရှိလာမှာဖြစ်ပြီး အမည်မည်းစာရင်း သွင်းခံထားရသူတွေကို ပြည်ဝင်ခွင့် ငြင်းပယ်နိုင်လာပါတယ်။

#ထောက်ခံသူတွေကဘာပြောကြသလဲ
ဥပဒေအသစ်ဟာ တရုတ်နိုင်ငံရဲ့ပြည်တွင်ရေးကို စွက်ဖက်ခြယ်လှယ်နေကြတဲ့ အနောက်အုပ်စုကို ဟန့် တားဖို့လိုအပ်တဲ့ ရှိသင့်တာကြာပြီဖြစ်တဲ့ ဥပဒေလက်နက်တစ်ခုဖြစ်တယ်လို့ တရုတ်အစိုးရမီဒီယာတွေ နှင့် ကျွမ်းကျင်သူတွေကပြောကြပါတယ်။ ဥပဒေအသစ်ဟာ တုတ်နှင့်မုန့် ဒီပလိုမေစီဖြစ်တယ်။ တိုက်ခိုက်တာမဟုတ်ဘဲ ကာကွယ်တာဖြစ်တယ်။ တရုတ်ကိုစပြီးအရေးယူ ပိတ်ဆို့မှုလုပ်မှသာ ပြန်တုန့်ပြန်မယ့်သဘော ဖြစ်တယ်လို့ တရုတ်ရန်မင် တက္ကသိုလ်ရဲ့တွဲဖက်ပါမောက္ခ ချန်ဆောင်းကပြောပါတယ်။

#ဝေဖန်သူတွေကဘာပြောကြသလဲ
နိုင်ငံရေးစစ်တုရင်ကစားပွဲမှာ သူတို့ဟာ အသုံးချခံ နယ်ရုပ်ကလေးတွေဖြစ်လာမှာကို နိုင်ငံခြားကုမ္ပဏီ တွေက ကြောက်ရွံမှုတွေ တိုးပွားလာနေပါတယ်လို့  ဥရောပသမဂ္ဂကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ယတ်ဝတ်ကပြောပါတယ်။ ဒီဥပဒေဟာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုရာသီဥတုကို မှိုင်းထိုင်းသွားစေမယ်။ ဒါပေမယ့် နိုင်ငံရဲ့အကျိုးစီးပွား ကိုကာကွယ်ဖို့ ပေးဆပ်ရမယ့်တန်ဖိုးကို တရုတ်အစိုးရက တွက်ချက် ပြီး လောက်ပါပြီလို့လည်း တရုတ် အရေးကျွမ်းကျင်သူတွေကပြောကြပါတယ်။